Burma Election 2010

Home အခြေခံဥပဒေ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်နှင့် အာဏာလွှဲပြောင်းရေး

ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်နှင့် အာဏာလွှဲပြောင်းရေး

E-mail Print
ဆယ်စုနှစ် နှစ်ခုကြာ အုပ်စိုးပြီးနောက် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သားအစိုးရ ပြန်လည် အသက်သွင်းသည့် နည်းဖြင့် ၎င်းတို့၏ အာဏာ ဆက်လက် တည်မြဲရေး အတွက် လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် နှစ်ရှည်လများ ဖြစ်ပွားလျက်ရှိသော နိုင်ငံရေး အကျပ်အတည်းသည် ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်ကို နအဖစစ်အစိုးရက အသိအမှတ် မပြုခဲ့ခြင်းမှ စတင်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အများစုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို မဲပေး ရွေးချယ်ခဲ့ကြသည်။

စစ်အစိုးရက ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတစွာ ကျင်းပပေးပြီး မဲဆန္ဒရှင်တို့၏ ဆန္ဒကို လေးစား လိုက်နာမည်လား ဆိုသည်ကို မြန်မာပြည်သူများက သံသယ ရှိနေကြသည်။

စစ်အစိုးရ လက်သင့်ရာ ရွေးချယ်ထားသော ကိုယ်စားလှယ်များက ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် “အသွင်ကူးပြောင်းရေး ကာလ ပြဌာန်းချက်များ” ဆိုသည့် အရေးကြီးသော အခန်းတခု ပါရှိသည်။  ရွေးကောက်ပွဲပြီးနောက် အာဏာ လွှဲပြောင်းရေးလမ်းညွှန်အဖြစ် ရည်ရွယ်ထားသည့် အခန်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၁၄ နှစ်ကြာသည့် အမျိုးသား ညီလာခံကြီးက ရေးဆွဲခဲ့သော်လည်း “အသွင် ကူးပြောင်းရေးကာလ ပြဌာန်းချက်များ” ဟူသည့် အခန်း တခုလုံး နီးပါးသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှ “အထွေထွေပြဌာန်းချက်များ” အခန်းရှိ ဥပဒေ ပုဒ်မ ၁၉၅၊ ၁၉၆၊ ၁၉၉ နှင့် ၂၀၂ တို့ကို ကူးယူထားခြင်းသာ ဖြစ်သည်။ ၎င်းအပြင် ထိုအခန်းတွင် အသစ်ပေါ်ပေါက်လာမည့် အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းရေးနှင့် စပ်လျဉ်းပြီး အရေးကြီးသော အသေးစိတ် အစီအစဉ်များ ပါဝင်ခြင်း မရှိပါ။

သို့ရာတွင် စစ်အစိုးရက မေ့လျော့ခြင်း မရှိသည့် ပြဌာန်းချက် တခုရှိသည်။ ၎င်းတို့အုပ်ချုပ်စဉ် ကာလအတွင်း ဖြစ်ပွားခဲ့သော ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခံရသူတချို့ ပျောက်ဆုံးသွားခြင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၄ ကြိမ်မြောက် ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားခြင်း ကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် စစ်အစိုးရကို တရားစွဲမှု မပြုနိုင်စေရန်  ပြဌာန်းထားခြင်း ဖြစ်သည်။

“ယင်းအဖွဲ့ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊ ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ” ဟု အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် ဖော်ပြထားသည်။

မရေရာသော ရွေးကောက်ပွဲအလွန် အသွင်ကူးပြောင်းရေး

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်း အခြေခံ ဥပဒေသစ်သည် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်းထားသည့် ပထမဦးဆုံး ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေအဖြစ် စတင် အသက်ဝင်ပါလိမ့်မည်။ သို့ရာတွင် အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အခန်း၏ ဥပဒေပုဒ်မ ၄၄၂ အရ စစ်အစိုးရသည် ထိုကဲ့သို့ အသက်ဝင်သည့်အချိန်အထိ အာဏာကို ဆက်လက် ချုပ်ကိုင်ထားပေလိမ့်မည်။

စစ်အစိုးရကို ထောက်ခံသူအဖြစ် လူသိများသော အနောက်တိုင်းမှ ပညာရှင် ပါမောက္ခ ရောဘတ်တေလာ၏ မကြာခင်က ထွက်ရှိလာသော “The State in Myanmar” စာအုပ်တွင် အခြေခံဥပဒေကို လေ့လာ ဆန်းစစ်ထားရာ “အခြေခံဥပဒေအသစ်သည် ပထမဦးဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဥပဒေအဖြစ် စတင် သက်ဝင်မည် ဖြစ်ပြီး ထိုအတောအတွင်း စစ်အစိုးရက အာဏာကို ဆက်လက် ချုပ်ကိုင်ထားပါလိမ့်မည်” ဟု သုံးသပ်ထားပါသည်။

ထို့ကြောင့် ဥပဒေ ပုဒ်မ ၄၄၂ အရ စစ်အစိုးရသည် ရွေးကောက်ပွဲအပြီး လအနည်းငယ်အတွင်း အာဏာကို စွန့်လွှတ်လိမ့်မည်ဟု အခြေခံဥပဒေကိုလေ့လာနေသူတချို့က သုံးသပ်ထင်မြင်ကြပေမည်။ အကြောင်းမှာ ဥပဒေ ပုဒ်မ ၇၈ နှင့် ၁၂၃ အရ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော် ခေါ်ယူပြီး ၁၅ ရက်အတွင်း ကျင်းပရန်၊ ပြည်သူ့ လွှတ်တော်ကို အထွေထွေ ရွေးကောက်ပွဲ စတင်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရန် ပြဌာန်းထားခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် ရောဘတ်တေလာသည် အခြေခံ ဥပဒေကို စစ်အစိုးရ၏ လမ်းပြမြေပုံ အဆင့် ၇ ဆင့် နှင့် နှိုင်းယှဉ်လေ့လာပြီး အာဏာလွှဲပြောင်းရေးကိစ္စကို ထပ်မံလေ့လာဆန်းစစ်မှုများ မပြုလုပ်ခဲ့ပါ။ ထိုလမ်းပြမြေပုံသည် အာဏာလွှဲပြောင်းရေးဆိုင်ရာ သဲလွန်စတချို့ကို မီးမောင်းထိုးပြထားသည်။

ရွေးကောက်ပွဲကျင်းပခြင်းနှင့် လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်းသည် လမ်းပြမြေပုံ၏ အဆင့် ၅ နှင့် ၆ တို့ ဖြစ်သည်။ လမ်းပြမြေပုံအဆင့် ၇ မှာ “လွှတ်တော်မှ ရွေးချယ် တင်မြှောက်ထားသော နိုင်ငံ ခေါင်းဆောင်များဖြင့် အစိုးရတရပ်နှင့် ၎င်း၏ အင်္ဂါရပ်များကို ဖွဲ့စည်းပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရန်” ဟူ၍ ဖြစ်သည်။

ထို့အပြင် သတိမပြုမိကြသော အရေးကြီးသည့် အချက်တခုမှာ ဥပဒေပုဒ်မ ၄၄၇ တွင် ဖော်ပြထားသည့်အတိုင်း ဥပဒေ အမိန့် တရပ်ရပ်သည် အခြေခံဥပဒေနှင့် မဆန့်ကျင်လျှင် သို့မဟုတ် ပြည်ထောင်စုအစိုးရက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုလျှင် ဆက်လက် အတည်ဖြစ်သည့် အတွက် ၁၉၉၀ ပြည့်နှစ်က ၎င်းတို့ ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၁/၉၀ သည် ဆက်လက် အာဏာသက်ရောက်လျက် ရှိပါသေးသည်။

၁/၉၀ တွင် “နိုင်ငံရေးအဖွဲ့အစည်းတရပ်သည် ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်လာရုံဖြင့် ဥပဒေပြုမှု အာဏာ၊ စီမံခန့်ခွဲမှု အာဏာနှင့် တရားစီရင်မှု အာဏာ ဟူသော အချုပ်အခြာအာဏာ (၃) ရပ်ကို အလိုအလျောက် မရရှိဘဲ အခြေခံဥပဒေတရပ် အပေါ် အခြေပြု၍သာ ရယူနိုင်ကြောင်း အထူးရှင်းလင်းရန် လိုမည်မဟုတ်ပါ” ဟု ဖော်ပြထားသည်။

ထို့ကြောင့် သမ္မတရွေးကောက်ပွဲ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာ ဖွဲ့စည်းမှု အဆင့်ဆင့်တို့ ပြီးစီးသည် အထိ စစ်အစိုးရက အာဏာကို ဆက်လက် ထိန်းချုပ်ထားမည့်ဟန် ပေါ်နေသည်။

အခြေခံဥပဒေပုဒ်မ ၆၀/စ တွင် သမ္မတ ရွေးကောက်ပွဲ အတွက် လိုအပ်သည့် ဥပဒေများကို ပြဌာန်းမည်ဟု ပြောဆိုထားသည်။ သို့သော်လည်း သမ္မတ ရွေးကောက်ပွဲ ဥပဒေ ရေးဆွဲရန် နှင့် ရွေးကောက်ပွဲ ကျင်းပရန် ပုဒ်မ ၃၉၉ ရှိ ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်း တာဝန်များတွင် ဖော်ပြထားခြင်း မရှိပါ။

ထို့ကြောင့် ပေါ်ထွက်လာမည့် ပြည်သူ့လွှတ်တော်အသစ်၏ ပထမဆုံး လုပ်ငန်းသည် လမ်းပြမြေပုံ၏ အဆင့် ၇ တွင်ဖော်ပြထားသည့်အတိုင်း သမ္မတရွေးကောက်ပွဲဥပဒေကို ရေးဆွဲသည့် လုပ်ငန်း ဖြစ်ရပေမည်။ သို့ရာတွင် ထိုလုပ်ငန်းစဉ်များကို မည်သည့် အချိန်ကာလအတွင်း အကောင်အထည် ဖော်ရမည် ဆိုသည့် အချက်ကို အခြေခံဥပဒေတွင် မတွေ့ရပါ။

“နိုင်ငံတော်အကြီးအကဲ” နှင့် “အုပ်ချုပ်ရေး” အခန်းများတွင် သမ္မတ၏ တာဝန်များကို အသေးစိတ် ဖော်ပြထားသည်။ သို့သော်လည်း အစိုးရသစ် ဖွဲ့စည်းခြင်း၊ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ၅ ခု တို့တွင် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် အပြီးသတ် ဖွဲ့စည်းရမည့် အချိန်ကာလကိုလည်း အခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိပါ။

သမ္မတရွေးကောက်ပွဲဥပဒေရေးဆွဲခြင်း၊ သမ္မတကို ရွေးကောက် တင်မြှောက်ခြင်းနှင့် အစိုးရ တရပ် ဖွဲ့စည်းခြင်းအတွက် အချိန်ကာလ သတ်မှတ်ချက်များ ထည့်သွင်းထားမှု မရှိခြင်းမှာ အခြေခံဥပဒေဆိုင်ရာ အားနည်းချက်များ ဖြစ်သည်။ လမ်းပြမြေပုံ အဆင့် ၇ အရ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်နေပါသည် ဆိုပြီး စစ်အစိုးရက အာဏာကို ကာလ ကြာရှည်စွာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါသေးသည်။

သမိုင်းကိုပြန်ပြောင်းလေ့လာခြင်း

မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်း၊ ရွေးကောက်ပွဲတရပ် ကျင်းပခြင်းနှင့် အစိုးရသစ်တရပ်ထံ အာဏာလွှဲပြောင်းခြင်း ဟူသည့် ဖြစ်စဉ်ကို သမိုင်းတွင် နှစ်ကြိမ် ကြုံခဲ့ဖူးပါသည်။ ပထမတကြိမ်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗြိတိသျှနယ်ချဲ့ အစိုးရက လွတ်လပ်သော မြန်မာနိုင်ငံကို အာဏာလွှဲပြောင်းခြင်းနှင့် ဒုတိယ တကြိမ်တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်အစိုးရကို အာဏာလွှဲပြောင်းခြင်းတို့ ဖြစ်ပါသည်။

လွတ်လပ်သောမြန်မာနိုင်ငံကို အာဏာလွှဲပြောင်းရန် ဗြိတိသျှအစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောတူ ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ တနှစ်အလိုကတည်းက အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ် အဆင့်များကို ရေးဆွဲခဲ့သည်။ အောင်ဆန်း-အက်တလီစာချုပ်တွင် ပင်လုံညီလာခံ ကျင်းပခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရန် ညီလာခံတရပ် ကျင်းပခြင်း၊ အခြေခံဥပဒေသစ်နှင့်အညီ ရွေးကောက်ပွဲတရပ် ကျင်းပခြင်းနှင့် မြန်မာပြည် လွတ်လပ်ရေးမရမီ တနှစ်အတွင်း အစိုးရသစ်ထံ အာဏာလွှဲပြောင်းခြင်းတို့ ပါဝင်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရအကြား သမိုင်းဝင် စေ့စပ် ဆွေးနွေးမှုပင် ဖြစ်သည်။ စာချုပ်ပါ အချက်များကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး တနှစ်အတွင်း လွတ်လပ်ရေး ရခဲ့သည်။ ဗြိတိသျှအစိုးရသည် ၎င်းတို့ ပေးခဲ့သောကတိကို တည်ခဲ့ပြီး မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို ပြည်သူများလက်သို့ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လွှဲပြောင်းခဲ့သည်။

သို့ရာတွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အာဏာလွှဲပြောင်းခြင်းမှာမူ စစ်အစိုးရတရပ် အဖြစ်မှ အရပ်သား အစိုးရတရပ်အဖြစ်သို့ အသွင်ပြောင်းခဲ့သော လုပ်ဆောင်မှုသာ ဖြစ်သည်။

ထိုအချိန်က တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သော ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၁၉၆၂ ခုနှစ်တွင် ပါလီမန် ဒီမိုကရေစီစနစ်ကို အဆုံးသတ်စေသည့် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည်။ ထို့နောက်  တော်လှန်ရေး ကောင်စီ ဖွဲ့စည်းပြီး တိုင်းပြည်ကို ၁၉၇၄ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။

ပါတီစုံ နိုင်ငံရေးစနစ်ကို ဖျက်သိမ်းခဲ့သော ဗိုလ်ချုပ်နေ၀င်းသည် တပါတီစနစ်ကို ကျင့်သုံးပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထူထောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဆိုရှယ်လစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ကို ရေးဆွဲခဲ့ပြီး ၎င်း သမ္မတအဖြစ် ဆောင်ရွက်သော ဆိုရှယ်လစ်အစိုးရသစ်ထံ အာဏာလွဲအပ်ခဲ့သည်။

စစ်အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်နေ၀င်းတွင် ရိုးသားသည့် အချက်တခုတော့ ရှိခဲ့ပါသည်။ သူသည် ဆိုရှယ်လစ် စနစ်ကို ယုံကြည်ကြောင်း ကြေညာခဲ့ပြီး တပါတီစနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ သို့သော် လက်ရှိစစ်အစိုးရ ဗိုလ်ချုပ်များသည် နိုင်ငံရေး အယူအဆတခုခုကို ဆုပ်ကိုင်ထားကြသူများ မဟုတ်ကြပါ။ ထို့အပြင် သူတို့တွင် မရိုးသားသော သမိုင်းမှတ်တမ်းများ ရှိကြပြီး ဒီမိုကရေစီ၏ အခြေခံမူများဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာကြသူများလည်း မဟုတ်ကြပါ။

စစ်တပ်ကကြီးစိုးနိုင်ရေးအတွက် စစ်အစိုးရ ရေးဆွဲ၊ အတည်ပြုထားသော အခြေခံ ဥပဒေအရ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လာသော ပြည်သူ့လွှတ်တော်နှင့် အစိုးရက တိုင်းပြည်၏ အနာဂတ်ကို ဖန်တီးပါလိမ့်မည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်နှင့် အာဏာလွှဲပြောင်းရေးဖြစ်စဉ်တွင် အားနည်း ချို့ယွင်းချက်များနှင့် ပြည့်နှက်နေပြီး လေ့လာစောင့်ကြည့်သူများ ဂရုတစိုက် အကဲခတ် စောင့်ကြည့်ရမည့် ဖြစ်စဉ်လည်း ဖြစ်ပါသည်။     ။
Last Updated ( Monday, 15 March 2010 04:51 )  
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း