Burma Election 2010

Home ရွေးကောက်ပွဲဥပဒေ မြန်မာ့ရွေးကောက်ပွဲနှင့် ယုံကြည်လက်ခံနိုင်မှု ပြဿနာ

မြန်မာ့ရွေးကောက်ပွဲနှင့် ယုံကြည်လက်ခံနိုင်မှု ပြဿနာ

E-mail Print
မြန်မာ စစ်အစိုးရသည် အဓိကရေးရာ နယ်ပယ် ၃ ခုတွင် ရှင်းရှင်း လင်းလင်းနှင့် တရားမျှတစွာ ပြုမူ ဆောင်ရွက်ပြီးမှ ရွေးကောက်ပွဲများ ကျင်းပ သင့်သည်။ သို့မဟုတ်ပါက မြန်မာ ပြည်သူ လူထုနှင့် နိုင်ငံတကာ မိသားစု အလယ်တွင် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယုံကြည်စိတ်ချမှု လျော့နည်းနေပေလိမ့်မည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးပါ့မည်ဟု ထပ်ခါ တလဲလဲ ကတိက၀တ် ပြုခြင်းဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင် တရပ် ဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း စသည်တို့ကို ကြန့်ကြာနေစေခဲ့သည်။

“နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ၇ ရပ် အရ ယခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပမည်  ဖြစ်ပေသည်” ဟု သူ၏ ဖေဖော်ဝါရီလ ၁၂ ရက်၊ ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာ၌ ဖေါ်ပြပါရှိသည်။ သို့ရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချိန်ကာလ အပိုင်းအခြားကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိခဲ့ပေ။

ရွေးကောက်ပွဲဥပဒေ အသစ်ကို ထုတ်ပြန် ကြေညာပါက ၁၉၈၉ ခုနှစ်၌ ရေးသား ပြုစုခဲ့သော ယခုတိုင် တည်ရှိဆဲ ဖြစ်သည့် ဥပဒေ အဟောင်းသည် တရားဝင် အဖြစ်မှ ပယ်ဖျက်ခြင်းခံရမည် ဖြစ်သည့်အပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည်လည်း အလို
အလျောက် ပျက်ပြယ်သွားတော့မည် ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် ပြီးခဲ့သည့် အနှစ် ၂၀ ကာလအတွင်း နိုင်ငံရေးအရ ဆူးညှောင့် ခလုတ် တခု အဖြစ် တည်ရှိနေခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ယင်းရလဒ်ကြောင့် လူထုမှပေးအပ်သော လုပ်ပိုင်ခွင့် အာဏာကို ရရှိခဲ့ပြီး ယင်းရလဒ်ကြောင့်ပင် စစ်အစိုးရ၏ တရားဝင်ဖြစ်မှုသည်လည်း စိန်ခေါ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် ဤအငြင်းပွားနေမှုသည် ဖြေရှင်းနိုင်မှု မရှိဘဲ မကြာခင် အဆုံးသတ်တော့မည် ဖြစ်ပြီး နိုင်ငံ့သမိုင်း၌လည်း အရုပ်ဆိုး အကျည်းတန်မှုတခု ထင်ကျန်နေရစ်ပေတော့မည်။

NLD သည် ယင်းအခြေအနေနှင့် မကြာခင် မလွဲမသွေ ကြုံတွေ့ရတော့မည် ဖြစ်သည်။ နိုင်ငံအတွင်း၌ ရွေးကောက်ပွဲ ကျင်းပသည့်အခါ နိုင်ငံတကာ မိသားစုကလည်း အားလုံး ပါဝင်နိုင်မှု၊ လွတ်လပ်မှု နှင့် တရားမျှတမှုတို့အပေါ် မူတည်ပြီး ရွေးကောက်ပွဲများ၏ ယုံကြည်စိတ်ချရမှုကို စောင့်ကြည့်နေပေလိမ့်မည်။

လူအများ လက်ခံနိုင်သော ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ရေးအတွက် ရွေးကောက်ပွဲ ဥပဒေအသစ်၌ အောက်ဖေါ်ပြပါ အခရာကျ သည့် မူဝါဒသဘောထားများ ပါဝင်ရမည် ဖြစ်သည်။

၁။ ရွေးကောက်ပွဲဥပဒေသည် သမာသမတ်ကျမှု၊ လွတ်လပ်မှု၊ အုပ်စုမဖွဲ့မှု၊ တာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှု စသည့် အခြေခံ မူဝါဒသဘောထားများကို ကိုင်စွဲ၍ ရေးသားပြုစုသည့် ဥပဒေ ဖြစ်ရမည့် အပြင် ယင်းဥပဒေသည် စစ်အစိုးရ၏ သြဇာသက်ရောက်မှု မှလည်း ကင်းလွတ်ရမည်။

လေ့လာ တွေ့ရှိရသော သီအိုရီများအရ ရွေးကောက်ပွဲကော်မရှင် ၃ မျိုးရှိကြောင်း သိရသည်။ ယင်းတို့မှာ လွတ်လပ်သော ကော်မရှင်၊ အစိုးရမှ ဖွဲ့စည်းသော ကော်မရှင် နှင့် ပထမ ပုံစံနှစ်ခုကို ပေါင်းစပ်ထားသော ကော်မရှင်တို့ ဖြစ်ကြသည်။ တည်ရှိဆဲ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်သည် အစိုးရက ဖွဲ့စည်းပေးသော ကော်မရှင် ပုံစံ ဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲကော်မရှင်ဥပဒေ (၁/၈၈) သည် ယခုအချိန်ထိ အကျိုး သက်ရောက်မှုရှိနေဆဲ ဖြစ်သည်။ ထိုဥပဒေ အခန်း ၂ “ဖွဲ့စည်းခြင်း” အပိုဒ် ၃ ၌ “နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တွင် အဖွဲ့ဝင်ဦးရေ တိုးခြင်း၊ လစ်လပ်သည့် နေရာတွင် အစားထိုးခြင်းတို့ကို ဆောင်ရွက်နိုင်သည်” ဟု ဖော်ပြပါရှိသည်။

ဥပဒေ အခန်း ၃ “တာဝန်နှင့်လုပ်ပိုင်ခွင့်များ” အပိုဒ် ၄ (ခ) ၌ လည်း “ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်သည် လိုအပ်သော ဥပဒေများကို ရေးဆွဲ၍ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ပြဌာန်းပေးရေး အတွက် တင်ပြနိုင်သည်” ဟု ရေးသားထားသည်။ ထို့ကြောင့် အမှန်စင်စစ်အားဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်ပြီး  ဥပဒေဘောင် အတွင်းမှ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ကို ယင်းဥပဒေက ရွေးကောက်ပွဲ ကော်မရှင်အား ခွင့်ပြုခြင်း မရှိခဲ့ပေ။

၂။ တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး ပါတီ ဖွဲ့စည်းခွင့်နှင့် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ခွင့်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက အာမခံရမည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ ၎င်းတို့အား အသိအမှတ်ပြုခြင်း၊ ငြင်းပယ်ခြင်းတို့ အပေါ်တွင် တာဝန်ရှိသည်။ ဤအချက်အရ ဆိုပါက စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ၏ ၎င်းတို့အကျိုးစီးပွားအ တွက် နိုင်ငံရေးပါတီများ ဖွဲ့စည်း ထူထောင်ခွင့်ကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။

အစိုးရအား ဆန့်ကျင် တိုက်ပွဲဝင်ရန် လက်နက်ကိုင်တပ်များ ဖွဲ့စည်းထားသော အစု အဖွဲ့များသည် နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်နှင့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဟု တည်ဆဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက တားမြစ်ထားသည်။

ယင်းဥပဒေ အခန်း ၂ အပိုဒ် ၃ (ခ) ၌ “နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန် ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်းများသည် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့်ကို လျှောက်ထားခွင့် မရှိစေရ” ဟု ဖော်ပြထားသည်။

စစ်အစိုးရသည် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအား တရားမ၀င် အဖွဲ့အစည်းများ စာရင်းမှ ဖယ်ထုတ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် လာမည့် ရွေးကောက်ပွဲ ဥပဒေ အသစ်၌ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များ အနေနှင့် ၎င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့များအား စစ်အစိုးရ လက်အောက်ရှိ နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ်သို့ ရှေးဦးစွာ အသွင် ကူးပြောင်းမှု မပြုလုပ်ပါက ၎င်းတို့၏ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို စစ်အစိုးရက ခွင့်ပြုလိမ့်မည် မဟုတ်ဟု မျှော်လင့်ရပေသည်။

အကျိုးဆက်အနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စသည် အပစ်အခတ် ရပ်စဲထားသော အချို့တိုင်းရင်းသား အဖွဲ့များ ထိန်းချုပ်ထားရာ မဲဆန္ဒနယ် မြေများတွင် စစ်အစိုးရအနေနှင့် ရွေးကာက်ပွဲများ ပြုလုပ်နိုင်မည် မဟုတ်သည့်အပြင် ထိုသို့ ဖြစ်လာပါက ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်း လူဦးရေ အမြောက်အမြားကို ချန်လှပ်ထားသည့်အတွက် ရွေးကောက်ပွဲ၌ အားလုံး ပါဝင်နိုင်မှု  ဆိုသည့် အချက်ကို ထိခိုက်စေပါလိမ့်မည်။

၃။ ရွေးကောက်ပွဲကော်မရှင်သည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းပြုစုခြင်း၊ ထုတ်ပြန်ခြင်း၊ ဆန္ဒမဲပြားများ အရေအတွက်ဖြင့် ရိုက်နှိပ်ထုတ်ဝေခြင်း စသည့် လုပ်ထုံး လုပ်နည်း အားလုံးတွင် ရှင်းရှင်းလင်းလင်း ရှိရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် “လွတ်လပ်၍ တရားမျှတသော” ရွေးကောက်ပွဲ အနှစ်သာရကို လျော့ပါးစေသည့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စာရင်း နှင့် ဆန္ဒမဲပြားများကို အလွဲသုံးစား လုပ်ခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်းမှ တားဆီးနိုင်မည် ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ၌ မြန်မာပြည်တွင် မဲဆန္ဒနယ်မြေ ၄၉၂ နေရာ ရှိခဲ့သည်၊ သို့ရာတွင် ရွေးကောက်ပွဲကော်မရှင်က ၄၈၅ နေရာတွင်သာ ရွေးကောက်ပွဲ ကျင်းပခဲ့သဖြင့် ကျန်ရှိသည့် မဲဆန္ဒနယ်မြေ ၇ နေရာတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။ ကော်မရှင်က နိုင်ငံတ၀န်း၌ မဲရုံပေါင်း ၁၅၁၅၄ ရုံ ဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀.၈ သန်းအနက် ၁၅.၁ သန်း မဲ ပေးခဲ့ကြသည်။

မဲဆန္ဒရှင် တဦးက တခုထက်ပိုသော မဲဆန္ဒနယ်မြေများတွင် မှတ်ပုံတင်ကြောင်း၊ ဆန္ဒမဲပြား ရေတွက် ထည့်သွင်းသည့် ဇယားတွင်လည်း မဲရုံ တာဝန်ရှိသူများက မမှန်မကန် ရေးသွင်းမှုများ ရှိကြောင်း စသည့် စွပ်စွဲချက်များကို ပြီးခဲ့သည့် နိုင်ငံတကာ ရွေးကောက်ပွဲများတွင် တွေ့ရသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်သည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စာရင်း ပြုစုရန် တာဝန်ရှိသည်ဟု ရွေးကောက်ပွဲ ဥပဒေ၌ ပြဌာန်းထားလင့်ကစား ကော်မရှင် အနေနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းကို ပြုစုရာ၌ စစ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကိုသာ အမှီသဟဲ ပြုခဲ့သည်။

၁၉၈၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တည်ဆဲ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၆ “မဲစာရင်းပြုစုခြင်း” အပိုဒ် ၁၂ (က) ၌ “လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်ရန် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းကို ကော်မရှင်က ပြုစုရမည်” ဟု ဖေါ်ပြထားသည်။

မြန်မာနိုင်ငံ၌ ၁၉၈၃ ခုနှစ်နောက်ပိုင်းမှစ၍ စနစ်ကျသည့် သန်းခေါင်းစာရင်း ကောက်ယူမှုကို နိုင်ငံတ၀န်းတွင် မလုပ်နိုင်ရုံမျှမက မဲဆန္ဒရှင်တဦးက တကြိမ်ထက်ပိုပြီး မှတ်ပုံတင်ခြင်းမှ ကာကွယ်နိုင်ရန် ကွန်ပျူတာသုံး မဲဆန္ဒရှင်စာရင်း ကောက်ယူသည့် စနစ်ကို အသုံးပြုနိုင်သည့် အနေအထား မရှိသေးပေ။

ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူစာရင်း ကောက်ယူသည့် လုပ်ငန်းစဉ်သည် ရှင်းရှင်း လင်းလင်း မဖြစ်ပါက အခြေအနေ အမျိုးမျိုးမှ ယင်းစာရင်းကို အလွဲသုံးစား ပြုမှုများ ဖြစ်ပွားနိုင်သည်။ လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း နိုင်ငံတွင်း လူဦးရေ ရွှေ့ပြောင်းမှုများ သိသိ သာသာ ရှိခဲ့ပြီး ဖြစ်သည်။  ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ရောက်နေသည့် ဒုက္ခသည် ၁၅၀ ၀၀၀ ကျော် အပါအ၀င်
သန်းပေါင်းများစွာသော ပြည်သူများသည်  နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။

ထိုမျှသာမကသေးဘဲ နိုင်ငံတွင်း၌ နေရပ်ရင်းမှ အဓမ္မရွှေ့ပြောင်းခံရသူ ၅၀၀၀၀၀ ခန့် အပြင် နိုင်ငံမဲ့နေသူများ နှင့် အိမ်ခြေအတည် တကျမရှိသော နိုင်ငံ အနောက်ခြမ်းဒေသများမှ ရိုဟင်ဂျာများလည်း ရှိနေသေးသည်။

ယင်းဥပဒေ အပိုဒ် ၁၃ (ခ) ၌ “တပ်မတော်သားများ၊ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ သံရုံး အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံ ပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များကို ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက သတ်မှတ်ထားသည့် အတိုင်း သက်ဆိုင်ရာ မဲစာရင်း၌ ထည့် သွင်းဖော်ပြရမည်” ဟု ဖော်ပြထားသည်။

နိုင်ငံပြင်ပ၌ နေထိုင်ကြသော မြန်မာနိုင်ငံမှ လူအများစုသည် မိသားစုစာရင်းတွင် ၎င်းတို့အမည်များ ဆက်ရှိနေကြပြီး အများစုမှာ ဆန္ဒမဲ ပေးနိုင်သူများလည်း ဖြစ်ကြသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ နေရပ်ရင်းပြန်၍ ဆန္ဒမဲ ပေးနိုင်ချေ မရှိသည့် ထိုသူများအတွက် မဲပြားအလွတ် သန်းပေါင်း များစွာသည် သက်ဆိုင်ရာ မဲရုံများတွင် ဘေးသို့ဖယ်ထားခြင်း ခံရနိုင်ဖွယ်ရှိသည်။ ဤ ဆန္ဒမဲပြား အလွတ်များသည် မဲရုံတာဝန်ရှိသူများ အလွဲသုံးစားပြုနိုင်မည့် အခြေအနေတွင် ရှိနေပါလိမ့်မည်။

ကမ္ဘာတ၀န်းရှိ ရွေးကောက်ပွဲ ကော်မရှင်များသည် အရေးပေါ် အခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် များသောအားဖြင့် အမှန်တကယ် လိုအပ်သော မဲပြားအရေအတွက်ထက် ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ ပိုမိုရိုက်နှိပ်ထုတ်လေ့ ရှိကြသည်။ ထိုသို့ ပြုလုပ်ရာ၌ ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ပြည်သူလူထုက စိတ်ချယုံကြည်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။

အတိတ်သည် လမ်းညွှန်မှု ဖြစ်ပါက အခြေခံ ဥပဒေအား အတည်ပြုနိုင်ရန် ကျင်းပခဲ့သော ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲသည် အနာဂတ်တွင် ရွေးကောက်ပွဲများကို စောင့်ကြည့် စစ်ဆေးမည့်သူများ အတွက် သတိပေးချက် တခု ဖြစ်သင့်ပါသည်။ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဦးရေ၏ ၉၈ ရာခိုင်နှုန်းက မဲပေးခဲ့ကြောင်း၊ ၎င်းတို့အနက် ၉၂ ရာခိုင်နှုန်းက ထောက်ခံမဲ ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ ဆန္ဒခံယူပွဲအတွင်း သမာသမတ် မကျမှုများ ဖြစ်ပွားခဲ့သဖြင့် ထိုကြေညာချက်ကို မယုံကြည်မှုသည် တနိုင်ငံလုံး ပျံ့နှံ့သွားခဲ့သည် မဟုတ်ပါလော။

မြန်မာစစ်အစိုးရသည် ဖော်ပြပါ အဓိကရေးရာနယ်ပယ် ၃ ခုတွင် ရှင်းရှင်း လင်းလင်းနှင့် တရားမျှတစွာ ပြုမူဆောင်ရွက်ပြီးမှ ရွေးကောက် ပွဲများ ကျင်းပသင့်သည်။ သို့မဟုတ်ပါက မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ မိသားစု အလယ်တွင် လာမည့် ရွေးကောက်ပွဲကို ယုံကြည်စိတ်ချမှု လျော့နည်းနေပေလိမ့်မည်။

ရွေးကောက်ပွဲဥပဒေများ ထွက်ပေါ်မလာမီ ဖေဖော်ဝါရီလ ၁၆ ရက်နေ့စွဲဖြင့် ဧရာဝတီ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သော  Htet Aung  ရေးသားသည့် Burma's Election: Credibility at Stake အမည်ရှိ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း