Burma Election 2010

Home ရွေးကောက်ပွဲဥပဒေ ယုံကြည်စိတ်ချရမှုမရှိသော ရွေးကောက်ပွဲဥပဒေ

ယုံကြည်စိတ်ချရမှုမရှိသော ရွေးကောက်ပွဲဥပဒေ

E-mail Print
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ စစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဖျောင်းဖျတဲ့ကိစ္စနဲ့ အတိုက်အခံက ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ကိစ္စတွေကို ခဏထားလိုက်ပါ။

ဘယ်လိုပဲ ကန့်သတ်ထားပါစေ အုပ်ချုပ်ရေးရာ ကိစ္စတွေမှာ အပြောင်းအလဲတွေ အဆင့်တခုအထိ ဖြစ်မှာက အသေအချာပါပဲ။ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာမယ် ပြီးတော့ ဒေသဆိုင်ရာနဲ့ နိုင်ငံတော်အဆင့်တွေမှာလည်း အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ပေါ်ပေါက်လာလိမ့်မယ်။

ဒါကတော့ ပြည်တွင်း ပြည်ပမှာရှိကြတဲ့ နိုင်ငံရေးသမားတချို့နဲ့ ပညာရှင်တချို့ရဲ့ နိုင်ငံရေး ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည် ရှေ့ဆက်သွားဖို့ဆိုရင် အစိုးရကလမ်းခင်းပေးထားတဲ့မူဝါဒပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကတဆင့် ဗိုလ်ချုပ်ကြီးတွေနဲ့  ပူးပေါင်း ဆောင်ရွက်ခြင်းဟာ လက်တွေ့ကျတယ်လို့ သူတို့က ယုံကြည်ထားကြတာပါ။

အခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီးတဲ့နောက် အတိုက်အခံကသာ ရွေးကောက်ပွဲမှာ ပါဝင်မယ်ဆိုရင် အာဏာရ ဗိုလ်ချုပ်ကြီးတွေက လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲတခု ကျင်းပလိမ့်မယ်လို့ သူတို့ မျှော်လင့်ထားကြပုံ ရပါတယ်။

ဒါပေမဲ့ စစ်အစိုးရက တရားမျှတပြီး အားလုံး သာတူညီမျှ လိုက်ပါနိုင်မယ့် အရာတွေကို မဆောင်ရွက်တဲ့ အပြင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကိုလည်း သူတို့အသိုင်းအ၀န်း အပြင်ဘက်က ဘယ်သူ တဦးတယောက်ကိုမှ ခေါ်ယူ ညှိနှိုင်းမှု မရှိဘဲ ရေးဆွဲ ပြဌာန်းခဲ့တာမို့ အခုတော့ ရှင်းသွားပါပြီ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၁ “အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်” ပုဒ်မ ၂ (ဃ) မှာ “နိုင်ငံရေးပါတီ ဆိုသည်မှာ စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေး ၀ါဒသဘောတရား တရပ် အပေါ်တွင် အခြေခံပြီး မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မရှင်က ဤဥပဒေအရ တည်ထောင်ခွင့် ပြုထားသော အဖွဲ့အစည်းကို ဆိုသည်” လို့ ဖော်ပြထားပါတယ်။

ဒီအပိုဒ်မှာ ဖော်ပြထားတဲ့ အဓိပ္ပာယ်အရဆိုရင် နိုင်ငံရေးပါတီတခုမှာ ဘယ်လိုမျိုး နိုင်ငံရေး အတွေးအခေါ် ရှိရှိ အဲ့ဒီ နိုင်ငံရေး ပါတီရဲ့ အတွေး အခေါ်ဟာ စစ်တပ်က စည်းကမ်း ချပေးလိုက်တဲ့ “စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်” ပေါ်မှာပဲ မူတည်ရမှာ ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းတာကို လိုလားတဲ့ သူတွေက အသစ် ဖြစ်ထွန်းလာမယ့် ဖွဲ့စည်း အုပ်ချုပ်မှု ဘောင်ထဲမှာ အပြောင်းအလဲ ဖြစ်လာမယ်လို့ မျှော်လင့်ကြပါတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲ ဥပဒေပါ စစ်အစိုးရရဲ့ နိုင်ငံရေး လှည့်ကွက်က သူတို့ကို “ (စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ စနစ်) နိုင်ငံရေး အတွေးအခေါ် အောက်က ပါတီစုံစနစ်” ကိုပဲ ထူထောင်ခွင့် ပေးပါလိမ့်မယ်။ ဒါဟာ စစ်အစိုးရရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမထားတဲ့ စံနှုန်းများနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆိုရှယ်လစ် စနစ်နဲ့ အခု “စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်” ဘာများ ကွာခြားပါသလဲ။ ဆိုရှယ်လစ် စနစ်တုန်းက မြန်မာပြည်ဟာ နိုင်ငံရေးအတွေးအခေါ် တခုအောက်မှာရှိတဲ့ တပါတီစနစ်ကို ကျင့်သုံးခဲ့တယ်။ အခုကျတော့ တိုင်းပြည်က စစ်အစိုးရ အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ နိုင်ငံရေး အတွေးအခေါ် တခုအောက်မှာ ရှိတဲ့ ပါတီ စုံစနစ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ကြိုက်သော်ရှိ မကြိုက်သော်ရှိ ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲ တခုနဲ့ ကြုံရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို လွတ်လွတ် လပ်လပ် ဘက်လိုက်မှု မရှိ စီစဉ်တာ၊ ကြီးကြပ်တာနဲ့ အကောင်အထည် ဖော်တာတွေ ဖြစ်သင့်ပါတယ်။ ဒါမှ စစ်အစိုးရကနေ ပြည်သူ့ လွှတ်တော်ဆီကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အာဏာ လွှဲပြောင်းပေးနိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကတော့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ပြည့်နေပြီး နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်တွေအပေါ် ဒီမိုကရေစီနည်းမကျတဲ့ စံတွေ သတ်မှတ်ထားတဲ့အပြင် ရွေးကောက်ပွဲကော်မရှင်ကိုလည်း သူတို့သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုရင် ဘယ်ပါတီကိုမဆို ဖျက်သိမ်းနိုင်တဲ့ အာဏာပေးထားပါသေးတယ်။

အဲ့ဒီဥပဒေ ပုဒ်မ ၄ (င) မှာ “ထောင်ဒဏ်ကျခံနေရသူများသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့် မရှိစေရ” လို့ ဆိုထားပြီး ပုဒ်မ ၁၀ (င) မှာ“ထောင်ဒဏ်ကျခံနေရသူများသည် နိုင်ငံရေးပါတီ အဖွဲ့ဝင် မဖြစ်စေရ” လို့ ရေးထားပါတယ်။

ဒီဥပဒေသတွေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို နိုင်ငံရေး ကနေ ဖယ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒါ့ပြင် ဥပဒေ အပိုဒ် ၆ မှာ “အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ကို ပုဒ်မ ၅ အရ လျှောက် ထားသည့် လျှောက်လွှာတွင် ဖော်ပြရမည်” လို့ ဆိုထားပြီး ၆ (ဂ) မှာ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” လို့လည်း ထည့်သွင်း ရေးထားပါသေးတယ်။

ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းတဲ့ နိုင်ငံရေးပါတီဖွဲ့ခွင့် လျှောက်လွှာထဲမှာ အဲ့ဒီ နိုင်ငံရေးပါတီအနေနဲ့ အခြေခံ ဥပဒေ အတိုင်း လိုက်ပါဆောင်ရွက်မယ်လို့ သဘောတူရတာ ဖြစ်တယ်၊ ဒါကြောင့် ပါတီကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်ပွဲတွေ မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနဲ့ ပါတ်သက်ပြီး ဆွေးနွေးမှု မလုပ်ရဘူးလို့ ဆိုလိုတာ ဖြစ်တယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ပြောကြ ပါတယ်။ မဲဆွယ်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ ဒါမှမဟုတ်  ပါတီကိုယ်စားလှယ်လောင်းတွေက အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးမယ်ဆိုရင် ပါတီအဖြစ် ဒါမှမဟုတ် ကိုယ်စားလှယ်လောင်းအဖြစ်က ဖျက်သိမ်းခံရနိုင်တယ်လို့ သူတို့က ထောက်ပြကြ ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲတွေ ပြီးသွားတဲ့အခါကျရင်တော့ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခြေခံ ဥပဒေပါ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို တင်ပြနိုင်လိမ့်မယ်လို့လည်း ဝေဖန် ဆန်းစစ်သူတွေက ပြောကြပါသေးတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ရွေးကောက်ပွဲဥပဒေကို ပြဌာန်းခဲ့ပေမယ့် စစ်အစိုးရက ပုဒ်မ ၄၄၁ ပါ ပြဌာန်းချက်ကို လျစ်လျူရှုခဲ့ပြီး အာဏာမတည်သေးတဲ့ အဲ့ဒီ ဖွဲ့စည်းပုံအတိုင်း လိုက်ပါဆောင်ရွက်ဖို့ နိုင်ငံရေးပါတီတွေကို သဘောတူခိုင်းတာ ဖြစ် ပါတယ်။

ပုဒ်မ ၄၄၁ မှာ “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြု ပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင် ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တစ်ဝန်းလုံး၌ အာဏာတည်သည်” လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာ မိသားစုကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပေဒေဟာ အခြေခံလူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီ မှုမရှိဘူးလို့ သူတို့ရဲ့ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၁ (က) မှာ “လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်” လို့ ဆိုထားပါတယ်။

နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများ ဆိုင်ရာ နိုင်ငံတကာစာချုပ် အပိုဒ် ၂၅ မှာ “နိုင်ငံသားတိုင်း၌ မဲပေးပိုင်ခွင့် အခွင့်အရေးနှင့် မဲပေးခွင့် အခွင့်အလမ်း ရှိရမည်။ ထို့ပြင် နိုင်ငံသားတိုင်း သာတူညီမျှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော စစ်မှန်သည့် ရွေးကောက်ပွဲများသည် ဆန္ဒမဲ ပေးသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အာမခံနိုင်ရန် အလို့ငှာ လျှို့ဝှက်မဲပေးစနစ်ဖြင့် ကျင်းပရမည်” လို့လည်း ဖော်ပြထား ပါသေးတယ်။

နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင်နဲ့ မြန်မာ့ ဒီမိုကရေစီ ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံသားတိုင်း သာတူညီမျှ ဆန္ဒမဲ ပေးပိုင်ခွင့်ရဖို့၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲတွေမှာ အရွေးချယ် ခံရခွင့် ရဖို့၊ ဒါတွေကနေတဆင့် မြန်မာ့ ဒီမိုကရေစီ အရေးကို မြှင့်တင်ဖို့ မမောနိုင် မပန်းနိုင် စည်းရုံး လှုပ်ရှားနေပါတယ်။

ဒါပေမယ့် သူဟာ စစ်အစိုးရရဲ့ နိုင်ငံရေး အကျဉ်းသား တယောက် ဖြစ်တာမို့ သူကိုယ်တိုင် ဆန္ဒမဲပေးတာနဲ့ ရွေးကောက်ပွဲမှာ ပါဝင်တာတွေကို ပိတ်ပင်ခံထားရသူ ဖြစ်ပါတယ်။

မြန်မာပြည် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာမိသားစုက သတ်မှတ်ထားတဲ့ ယုံကြည် စိတ်ချရမှု နဲ့ အားလုံး ပါဝင်နိုင်မှု ဆိုတဲ့ စံတွေကတော့ ရွေးကောက်ပွဲတွေ မစတင်ကတည်းကိုက ပျောက်ကွယ်နေခဲ့ပါပြီ။

Htet Aung ၏ Election Law Ensures No Credibility ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း