Burma Election 2010

Home သတင်း ဂျာနယ်များတွင် ရွေးကောက်ပွဲ သတင်းအစုံအလင် ဖော်ပြခွင့်မရ

ဂျာနယ်များတွင် ရွေးကောက်ပွဲ သတင်းအစုံအလင် ဖော်ပြခွင့်မရ

E-mail Print
ရွေးကောက်ပွဲ အတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပေါ်ခဲ့သော မဲမသမာမှု သတင်းများ အပါအဝင် ရွေးကောက်ပွဲ သတင်းများကို စုံလင်စွာ ဖော်ပြခွင့် မပြုကြောင်း သိရသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တရား ၀င်သတင်းမျိုး ကလွဲပြီး အခြားသတင်းတွေ တင်ခွင့်ပြုမှာ မဟုတ်ဘူး၊ ရွေးကောက်ပွဲမှာ မဲပေးကြတဲ့ သတင်းတွေထဲမှာ တောင်မှ မဲပေးတဲ့သူ နည်းတယ်ဆိုတဲ့ သတင်းမျိုးလည်း ခွင့်မပြုဘူးလို့ စာတည်းမှူးတဦးက ပြောတယ်” ဟု စာပေစိစစ်ရေးသို့ ဂျာနယ်မူကြမ်း တင်ပြရန် ပုံမှန် သွားရောက်လေ့ ရှိသည့် ပုဂ္ဂလိက သတင်းဂျာနယ် ထုတ်လုပ်ရေး အယ်ဒီတာတဦးက ပြောသည်။

journal-readersနိုဝင်ဘာလ ၈ ရက်နေ့ထုတ် Weekly Eleven သတင်း ဂျာနယ်တွင် “ရွေးကောက်ပွဲအထူး အချပ်ပိုအဖြစ် အချပ်ပို ၁၂ မျက်နှာ ထည့်သွင်းရန် စီစဉ်ခဲ့သော်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် မျှော်လင့်ထားသလို မဖြစ်ခဲ့သည့် အတွက်ဝမ်းနည်းစွာ တောင်းပန်အပ် ပါသည်” ဟူ၍  စာဖတ် ပရိသတ်သို့ တရားဝင် တောင်းပန်းလွှာ ထည့်သွင်းထားသည်ကို တွေ့ရသည်။

ထို့အပြင် ရွေးကောက်ပွဲ သတင်းများ အချိန်နှင့် တပြေးညီ ဖော်ပြပေးနေသော Weekly Eleven သတင်းဂျာနယ်၏ အင်တာနက် စာမျက်နှာကိုလည်း နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ဖြုတ်ချခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီး ခဲ့ပြီဖြစ်သော ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ကသာ လွှတ်တော်အမတ် နေရာအများစု အနိုင်ရရှိသည် ဆိုသော ရလဒ်များ ထွက်ပေါ်လျက်ရှိရာ ပြည်တွင်း သတင်း မီဒီယာ လောကအတွက် ဆိုးရွားသော အခြေအနေများ ကြုံတွေ့ လာရဖွယ်ရှိကြောင်း သတင်းသမားများက ပြောကြသည်။

“ကြံ့ဖွံ့ အစိုးရ တက်မှာဖြစ်တဲ့အတွက် စာပေစိစစ်ရေး ဌာန ဆက်ရှိဖို့ သေချာသွားပြီ။ သတင်းလွတ်လပ်ခွင့်၊ စာပေ လွတ်လပ်ခွင့်တို့ ရဖို့ မရှိတဲ့အပြင် အခု အခြေအနေ ထက်တောင် ပိုဆိုးလာနိုင်ပါတယ်” ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားခဲ့သော ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့မှ DKBA (ခွဲထွက်) တပ်များနှင့် နအဖ စစ်အစိုးရ တပ်များအကြား တင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှု၊ ဒေသခံ စစ်ပြေးဒုက္ခသည်များ သတင်း အစရှိသည် တို့ကိုလည်း စစ်အစိုးရပိုင် မီဒီယာများတွင် ဖော်ပြခြင်း မရှိသကဲ့သို့ မည်သည့် သတင်း ဂျာနယ်တွင်မှ ဖော်ပြခွင့် မပြုခဲ့ပေ။

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ပြည်တွင်း သတင်းမီဒီယာများကို လွတ်လပ်စွာ သတင်း ယူခွင့် မပေးခဲ့ဘဲ ဆန္ဒမဲများ ရေတွက် ချိန်တွင်လည်း မီဒီယာများနှင့် ပြည်သူများကို မဲရုံများ အတွင်း ၀င်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

တသီးပုဂ္ဂလ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကမူ ရွေးကောက်ပွဲ မတိုင်မီကာလက ပြည်တွင်း သတင်းဂျာနယ်များတွင် ရွေးကောက်ပွဲကြို ကာလအကြောင်း ဝေေ၀ဆာဆာ တင်ပြခွင့်ပြုသကဲ့သို့ ရွေးကောက်ပွဲ လွန်ကာလ တွင်လည်း ဖြစ်ပျက်နေသော အခြေအနေမှန်များကို မီဒီယာများတွင် ဖော်ပြခွင့်ပြုသင့်သည်ဟု ပြောသည်။

“ရွေးကောက်ပွဲ ကာလမှာ ဖြစ်ခဲ့တဲ့ တကယ့် အခြေအနေမှန်တွေကို ခွင့်ပြုရမယ်။ အဲဒီလိုမှ ခွင့်မပြုရင် ဒီမိုကရေစီ နိုင်ငံတော်သစ် သွားနေ ပါတယ်ဆိုတဲ့ စကား အလကားပဲ။ ဒီရွေးကောက်ပွဲမှာ တကယ်ပဲ မဲလိမ်မှုတွေ၊ မဲမသမာမှုတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့တယ်။ ကျနော်တို့ စစ်အစိုးရကို ယုံကြည်ခဲ့တာ တော်တော်မှားသွားပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းကပင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရထက် ပိုမိုပါးနပ်ပြီး အခြေအနေမှန်ကို ကြိုတင် တွက်ဆနိုင်ခဲ့သော အမျှော်အမြင်ကြီးသည့် လူထုခေါင်းဆောင်ဖြစ်ကြောင်း၊ ယခုအချိန်သည် ပြည်သူလူထု၊ နိုင်ငံရေး ပါတီများနှင့် ရှုံးနိမ့်သော လွှတ်တော် အမတ်လောင်းများအားလုံး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နောက်တွင် မားမားမတ်မတ် ရပ်တည်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ဆောင်ရွက်ရန် အချိန်အခါကောင်း ဖြစ်ကြောင်း ပြောသည်။

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၀၇၁ ဦး ယှဉ်ပြိုင်ခဲ့ပြီး ယခုရရှိထားသော သတင်းများအရ မဲဆန္ဒနယ်အများစုတွင် ကြံ့ဖွံ့ပါတီကသာ အနိုင်ရကြောင်း စုံစမ်းသိရှိရသည်။
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း