Burma Election 2010

Home သတင်း အနိုင်အရှုံး ကြေညာပြီးမှ ကော်မရှင် ပြန်လည် ပြင်ဆင်

အနိုင်အရှုံး ကြေညာပြီးမှ ကော်မရှင် ပြန်လည် ပြင်ဆင်

E-mail Print
တောင်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ရှုံးနိမ့်ပြီဟု အကြောင်း ကြားထားသော တသီးပုဂ္ဂလ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်ကို ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ပြင်ဆင် ပြောဆို အကြောင်းကြား သည်ဟု သတင်းရရှိသည်။

ဒေါက်တာစောနိုင်သည် ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဦးအောင်ကျော်မိုးထက် ဆန္ဒမဲ ၆ မဲ ပိုများသည်ဟု ဆိုကာ တောင်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အနိုင် ပေးလိုက်ကြောင်း နိုဝင်ဘာ ၈ ရက်နေ့ ည ၈ နာရီတွင် တရားဝင် အကြောင်းကြားခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၅ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ မူလသတင်း ထုတ်ပြန်ချက်တွင် ဦးအောင်ကျော်မိုးက ဒေါက်တာစောနိုင်ကို ဆန္ဒမဲ ၁၄၅ မဲ အသာဖြင့် အနိုင်ရခဲ့ပြီး ဒေါက်တာစောနိုင် ရှုံးနိမ့်သည်ဟု ပြောဆို ထားခဲ့သည်။

ဒေါက်တာစောနိုင်က ၎င်း၏ မဲဆန္ဒနယ်ရှိ မဲရုံပေါင်း ၉၃ ရုံတွင် မဲရုံ ကိုယ်စားလှယ်များ ထားရှိပြီး ဆန္ဒမဲ စာရင်းများ ရေတွက် ကောက်ယူခဲ့ရာ ကြံ့ဖွံ့ပါတီမှ ဦးအောင်ကျော်မိုးထက် ဆန္ဒမဲ ၆၀၀ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ သို့သော် ယခု ၆ မဲ အသာဖြင့် အနိုင်ပေးခြင်းကိုလည်း ကျေနပ်ကြောင်း ပြောဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော် နိုင်တာပဲလေ။ နိုင်တာခြင်း အတူတူပါပဲ” ဟု ဒေါက်တာ စောနိုင်က ဆိုသည်။

ဒေါက်တာစောနိုင်သည် ပြည်ပမီဒီယာ များမှတဆင့် မဲလိမ်ခံရမှုများကို စာရင်းဇယား များနှင့်တကွ နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူလူထုထံ အစောဆုံး တင်ပြနိုင်ခဲ့သူ ဖြစ်သည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၃ လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် တောင်ဥက္ကလာပ မြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ ဒေါက်တာ မောင်သင်းနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဦးဖုန်းမြင့်အောင်တို့ ယှဉ်ပြိုင်ခဲ့ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာမောင်သင်းသည် ဦးဖုန်းမြင့်အောင်ထက် ဆန္ဒမဲ ၅၀၀၀ များသည်ဟု နိုဝင်ဘာလ ၇ ရက် ညက ပြောဆိုခဲ့သော်လည်း နိုဝင်ဘာလ ၈ ရက်နေ့ညတွင် ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဒေါက်တာမောင်သင်းက ဦးဖုန်းမြင့်အောင်ထက် ဆန္ဒမဲ ၂၀၀၀ သာ များပြားသည်ဟု ၃၀၀၀ လျှော့ကာ ပြောင်းလဲ ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

“တရားဝင်ခေါ်ပြောတယ်။ သာနေတဲ့ မဲစာရင်း ၅၀၀၀ ထဲကနေ ၃၀၀၀ လျှော့ပေးတယ်။ အဲဒီလို လျှော့ပေး တာကိုလည်း သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းတယ်” ဟု ဦးဖုန်းမြင့်အောင်နှင့် နီးစပ်သူတဦးက ပြောသည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ တွင် တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရန်ကင်းမြို့နယ် ၃ ခုပါဝင်ပြီး ကြံ့ဖွံ့ပါတီက တောင်ဥက္ကလာပတွင် အသာရနေသော ဆန္ဒမဲ ၃၀၀၀ ကို လျှော့ချ ပေးလိုက်သည့် အတွက် ဦးဖုန်းမြင့်အောင်က ရွေးကောက်ပွဲတွင် အနိုင်ရရန် အခွင့်အလမ်းများခဲ့ကြောင်း သိရသည်။

အတိုက်အခံ အင်အားစုများ တစုတစည်းတည်း ဖြစ်မည်ကို စစ်အစိုးရက စိုးရိမ်သည့်အတွက် တချို့ မဲဆန္ဒနယ်များတွင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများကို အနိုင်ပေးမည့် အခြေအနေ ရှိကြောင်း၊ လက်ရှိ တောင်ဥက္ကလာပတွင် ဖြစ်ပျက်ခဲ့သော အခြေအနေ များသည် ကြံ့ဖွံ့ပါတီက မည်မျှ မဲမသမာမှုများ ပြုလုပ်ခဲ့သည်ကို ထင်ရှားစေကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တဦးက ပြောသည်။

ယခုအခါ ရန်ကုန်တွင် အနိုင်ရရှိသော ပါတီများစာရင်း ထွက်လာပြီဖြစ်ရာ အမျိုးသား လွှတ်တော် အတွက် ကြံ့ဖွံ့ပါတီက ၈ နေရာ၊ NDF ပါတီက ၄ နေရာ၊ ပြည်သူ့လွှတ်တော် အတွက် ကြံ့ဖွံ့ပါတီက ၃၇ နေရာ၊ NDF က ၈ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ကြံ့ဖွံ့ပါတီက ၇၄ နေရာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည ပါတီ) က ၈ နေရာ၊ NDF ပါတီက ၄ နေရာ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ၂ နေရာ၊ ၈၈ ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ၁ နေရာ၊ တသီးပုဂ္ဂလက ၁ နေရာ အသီးသီး ရရှိကြောင်း သိရသည်။

“NDFကို မဲ ၅၀၀၀ နဲ့ ကြံ့ဖွံ့က အသာရတယ် ဆိုပြီးမှ မဲ ၂၀၀၀ ပဲ အသာ ရတာပါလို့ ပြောကတည်းက ဆန္ဒမဲထောင်နဲ့ ချီကို လိမ်ညာခဲ့တယ်။ မဲဆန္ဒနယ်တိုင်းမှာ မဲထောင်ချီ ခိုးတယ်ဆိုတာ ထင်ရှားတယ်။ ဒါတွေကို မီဒီယာ တွေကနေ တဆင့် ဖော်ထုတ်ကြပါလို့ ပြောချင်တယ်” ဟု ရွေးကောက်ပွဲ လေ့လာသူတဦးက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲ အနိုင်အရှုံး စာရင်းသည် လူထု၏ မဲဆန္ဒပေါ်တွင် မူမတည်ဘဲ ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက် ပေါ်တွင်သာ မူတည်နေကြောင်း၊ စစ်အစိုးရ အနေနှင့် ရွေးကောက်ပွဲကို အတိုက်အခံများ အားလုံး စုစည်း သပိတ်မှောက်ခြင်း မပြုနိုင်ရန် နိုင်ငံရေး ကစားမှုများ ပြုလုပ်လိမ့်မည် ဖြစ်ကြောင်း ၀ါရင့် သတင်းစာဆရာ တဦးက ခန့်မှန်းသည်။

“ရွေးကောက်ပွဲ ဆိုတာ လူထုက ပေးတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး ဆုံးဖြတ်ရတာ။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်မှုပေါ် မူတည်ရတာမျိုး မဟုတ်ဘူး။ ဒီရွေးကောက်ပွဲက လုံးဝ မတရားဘူးဆိုတာ ထင်ရှားတယ်။ မဲလိမ်မှုတွေ၊ မဲမသာမှုတွေ လုပ်တယ်ဆိုတာလည်း သက်သေတွေ အများကြီးရှိတယ်။ ကျနော့် အနေနနဲ့တော့ ဥပဒေ ကြောင်းအရ တရားစွဲနိုင်တဲ့ အထိ ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သော တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းတဦးက ပြောသည်။

တောင်ဥက္ကလာပ မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် ကြိုတင် ဆန္ဒမဲ ၁ သောင်းကျော် ရရှိခဲ့ပြီး ကြိုတင်မဲ အပါအ၀င် မသာမှုဖြင့် ရယူခဲ့သော ဆန္ဒမဲပေါင်း များစွာဖြင့် ပြိုင်ဘက် NDF ပါတီမှ ဒေါ်ကမ်းခမ်းဒိန့်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်တင်တင်မြနှင့် တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ် တို့ကို ဖြတ်ကျော် အနိုင်ရထားပြီး ဖြစ်သည်။

ဒေါက်တာစောနိုင်၏ ဖြစ်ရပ်သည် ရွေးကောက်ပွဲတွင် ကော်မရှင်များ၏ မဲလိမ်မှုများကို ထောက်ပြနိုင်သော စံပြ ဥပမာတခု ဖြစ်သွားပြီး ကြံ့ဖွံ့ပါတီနှင့် ယှဉ်ပြိုင် ရှုံးနိမ့်သွားခဲ့သူများ အနေဖြင့် ငြိမ်ခံမနေဘဲ စာရင်းဇယားများ၊ မဲလိမ်မှု ဖြစ်စဉ်များကို ဖော်ထုတ် တင်ပြကာ ပြည်သူလူထုထံ အသိပေးခြင်း၊ ဥပဒေကြောင်းအရ တရားစွဲခြင်း၊ ရွေးကောက်ပွဲ ရလဒ်ကို သပိတ် မှောက်ခြင်းများ ပြုလုပ်သင့်ကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်သည်။
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း