Burma Election 2010

Home သတင်း ကြံ့ဖွံ့ပါတီ အနိုင်ရသည်ကို ပြည်သူများ မကျေနပ်

ကြံ့ဖွံ့ပါတီ အနိုင်ရသည်ကို ပြည်သူများ မကျေနပ်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် နေရာအများစုကို အနိုင်ရရှိကြောင်း သတင်းများ ဆက်တိုက် ထွက်ပေါ် လာခြင်းကြောင့် ဆန္ဒမဲပေးခဲ့သော ပြည်သူအများစု မခံမရပ်နိုင် ဖြစ်နေကြောင်း သတင်းရရှိသည်။

senior-general-than-shwe-casts-ballotနိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပချိန် ဆန္ဒမဲ ပေးခဲ့ကြသည့် ရန်ကုန်၊ မန္တလေး နှင့်နေပြည်တော် ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူ အရေအတွက် ၂၀၀ နီးပါးကို ဆက်သွယ် မေးမြန်းခဲ့ရာ အများစုက ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ် လောင်းများ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ ခြင်းအပေါ် မကျေနပ်ကြကြောင်း ပြောဆိုသည်။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ ဒေသခံများက ရွေးကောက်ပွဲ နေ့က ကြံ့ဖွံ့ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို ဆန္ဒမဲ မပေးခဲ့ကြဘဲ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေကိုသာ မဲပေးခဲ့ကြသည်ဟု သိရသည်။

“ကျနော်တို့ မိသားစုဝင် ၆ ဦးစလုံး ဦးသုဝေကိုပဲ မဲပေးခဲ့ကြတာ။ ဒါပေမယ့် တကယ်နိုင်သွားတော့ ဦးအောင်ကြည်က နိုင်သွား တယ်ဆိုတာ့ စိတ်ထဲမှာ ဘ၀င်မကျဘူး။ ကျနော်တို့ ရပ်ကွက်က မဲရုံမှာ ဦးသုဝေက ဦးအောင်ကြည်ထက် မဲပိုရတယ်။ ဦးအောင်ကြည် နိုင်တာကလည်း ကြိုတင်မဲနဲ့ နိုင်တာလို့ ကြားတယ်” ဟု ကန်တော်ကလေး အနောက် ရပ်ကွက်နေ ဒေသခံတဦးက ပြောသည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် တွင်လည်း အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ကမ်းခန်းဒိမ်းကို မဲပေးခဲ့ကြသူ အရေအတွက် များပြားပြီး အနိုင်အရှုံး စာရင်းထွက်လာသော အခါ ကြံ့ဖွံ့ပါတီမှ ဦးအောင်သိန်းလင်း အနိုင်ရရှိသည်ဟု ရလဒ် ထွက်လာခြင်းကြောင့် ဒေသခံတချို့ မကျေနပ်ကြကြောင်း သိရှိရသည်။

“၉၀ တုန်းကလည်း ခမောက်ပဲ ပေးခဲ့တယ်။ ၂၀၁၀ မှာလည်း ခမောက်ပုံပါလို့ မဲပေးဖြစ်တယ်။ တချို့မဲရုံတွေမှာ ခမောက်က အပြတ် အသတ်ကို နိုင်တာ။ တကယ်တန်းနိုင်တော့ ဦးအောင်သိန်းလင်း ဖြစ်နေတယ်။ ဦးအောင်သိန်းလင်းက လမ်းတွေ ခင်းတယ် ဆိုပေမယ့် ရပ်ကွက် ကြံ့ဖွံ့တွေက ရိုင်းတယ်။ လမ်းကိုလည်း တခြမ်းပဲ ခင်းပေးတာတွေ လုပ်ထားတယ်” ဟု တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်မှ ဒေသခံတဦးက ဆိုသည်။

မဲဆန္ဒနယ် အများအပြားတွင် ကြံ့ဖွံ့ပါတီက ကြိုတင် မဲများဖြင့် အနိုင်ယူ သွားခြင်းအပေါ် ပြည်သူအများစုက လက်ခံနိုင်ဖွယ် မရှိဟု ပြောဆိုကြသည်။

“ဆန္ဒမဲပေးပါဆိုလို့ ကြံ့ဖွံ့မဟုတ်တဲ့ ပါတီတွေကို မဲပေးပြီးပြီ။ ကြံ့ဖွံ့က မဲလိမ်လို့ နိုင်တယ်ဆိုဦးတော့ ပြည်သူတွေ ပေးလိုက်တဲ့
ဆန္ဒမဲအတွက် နိုင်ငံရေးပါတီတွေက တခုခု လုပ်ပေးရမယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်တာ၊ ရွေးကောက်ပွဲကို လုံးဝ လက်မခံ တာတွေ လုပ်ကို လုပ်ပေးရမယ်။ တာဝန်ကျေကျေ မဲပေးခဲ့ သူတွေအတွက် ကိုယ်စားလှယ် လောင်းတွေ တခုခု ပြန်လုပ်ပေးရမယ်” ဟု မန္တလေး ဒေသခံ ပြည်တွင်း သတင်းထောက် တဦးက ဆိုသည်။

မန္တလေးတိုင်း ချမ်းအေးသာဇံ မြို့နယ်တွင် အများစုက အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်သက်ကို မဲပေးခဲ့ကြ သော်လည်း ကြံ့ဖွံ့ပါတီမှ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ကြိုတင်မဲဖြင့် အနိုင်ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်း မဲရုံများတွင် ဆန္ဒမဲ အသာရသည်ဟု သတင်း ထွက်ပေါ်ခဲ့သော ဒီမိုကရေစီ အင်အားစု ပါတီများသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် တရားဝင် ရှုံးနိမ့်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်များက အကြောင်းကြား သည်ဟု သိရှိရသည်။

“မိုးကုတ်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ တွေမှာ ကျနော်တို့ NDF က လူတွေ အသာစီး ရပြီဆိုပြီး ၇ ရက်နေ့ ညပိုင်းက သတင်းထွက်တယ်။ ၈ ရက်နေ့ ကျတော့ အဲဒီလူတွေအကုန် ရှုံးကုန်တယ်” ဟု NDF ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တဦးက ပြောသည်။

နေပြည်တော် တွင်လည်း ကြံ့ဖွံ့ပါတီ အနိုင်ရရှိခြင်းအပေါ် ဒေသခံများနှင့် အစိုးရ၀န်ထမ်း တချို့ မကျေမနပ် ဖြစ်ကြသည်ဟု သိရှိရသည်။

“မဲမပေးချင်ဘူး။ မပေးလို့ မရဘူးဆိုလို့ ပယ်မဲ ဖြစ်အောင် သွားပေးလိုက်တယ်။ ဒါပေမယ့် ကြံ့ဖွံ့က နိုင်တယ်လို့ ကြားတယ်။
အတင်းအကျပ် ဖိအားပေးလို့ သွားပေးတာ။ စိတ်မပါဘူး” ဟု နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်တွင် နေထိုင်သူ တဦးက ဆိုသည်။

မဲရုံများတွင် ဆန္ဒမဲများ ရေတွက်ချိန် အများပြည်သူအား ကြည့်ရှုခွင့် မပြုခဲ့ခြင်း အပေါ်လည်း ပြည်သူ အများစုက
မကျေမနပ် ဖြစ်ကြသည်ဟု ပြောဆိုကြသည်။

နေပြည်တော်တွင် ကြံ့ဖွံ့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း သူရ ဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးသိန်းစိန်၊ ဦးမြင့်လှိုင်၊ ဦးကျော်စွာခိုင်၊ ဦးလှမြင့်ဦးနှင့် ဦးဌေးဝင်းတို့သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) မှ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲ သောင်းချီ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်း အနိုင်ရရှိသည်ဟု ၎င်းပါတီမှ တာဝန်ရှိသူ တဦး၏အဆိုကို ကိုးကားပြီး ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းဌာနများက ဖော်ပြထားသည်။

ဧရာဝတီ၏ လေ့လာမှုများအရ နိုဝင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများ၌ မဲပေးကြသူ ၃၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသည်။

နောက်ဆုံး ရရှိထားသော သတင်းများအရ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ NDF၊ တစည ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အပါအ၀င် နိုင်ငံရေး ပါတီများက ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲ မဲမသမာမှု များနှင့်စပ်လျဉ်းပြီး နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားမည် ဖြစ်ပြီး တချို့ လွှတ်တော် ကိုယ်စားလှယ် လောင်းများကလည်း ဥပဒေကြောင်းအရ တရားစွဲဆိုရန် ပြင်ဆင်လျက် ရှိကြောင်း သိရှိရသည်။
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း