Burma Election 2010

Home သတင်း ရွေးကောက်ပွဲ ထပ်မံကျင်းပပေးရန် တောင်းဆို

ရွေးကောက်ပွဲ ထပ်မံကျင်းပပေးရန် တောင်းဆို

E-mail Print
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် မတရားသော ရွေးကောက်ပွဲတခု ဖြစ်ခဲ့၍ ရွေးကောက်ပွဲ  ပြန်လည်ကျင်းပပေးရန် ပဲခူးတိုင်းဒေသ အတွင်း၌ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသော ဒီမိုကရက်တစ် ပါတီများမှ ကိုယ်စားလှယ်လောင်း ၂၀ နီးပါးက စတင် တောင်းဆိုလိုက်ကြောင်း သိရသည်။

“ပြန်လုပ်ပေးတာ၊ မပေးတာက သူတို့အပိုင်းပါ။ ကျနော်တို့က မဲလိမ်တာထက် မဲခိုးပွဲကြီး အဆင့်နဲ့ ပြီးသွားတာကို မျှတအောင် ပြန်လုပ်ပေးဖို့ တောင်းဆိုတာပါ” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ၏ ဥက္ကဋ္ဌ ဦးသိန်းဌေးက ဧရာဝတီကို ပြောသည်။

ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင်ကို UDP ပါတီက ဦးဆောင်ပြီး ပဲခူးတိုင်းဒေသအတွင်း၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကိုယ်စားလှယ်လောင်း ၂၀ နီးပါးက လက်မှတ်ရေးထိုးကာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တခြားသောတိုင်း၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်များထံ စာပို့သွားမည် ဖြစ်ကြောင်း ဦးသိန်းဌေးက ရှင်းပြသည်။

ကြေညာချက်တွင် မဲလိမ် မဲခိုးမှုများ၊ ကြိုတင်မဲများ အလွန်အမင်း ကောက်ခံထားခြင်း၊ ကော်မရှင်အနေဖြင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်ခြင်းများအား တရားမျှတစွာ ပြန်လည် လုပ်ဆောင် ပေးရန်တို့ကို တောင်းဆိုထားကြောင်း သိရသည်။

“အခု လတ်တလောတော့ ပဲခူးတိုင်းအတွင်းက ကိုယ်စားလှယ်တွေပဲ ပါသေးတယ်။ နောက်ရက်ပိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင် သွားဖို့ရှိပါတယ်” ဟု လည်း UDP ဥက္ကဋ္ဌက ဆက်ပြောသည်။

လက်မှတ်ရေးထိုးရာတွင် UDP ပါတီကိုယ်စားလှယ်လောင်းများ၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ တခြား ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ်များ ပါဝင်ကြပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည ) မှ ကိုယ်စားလှယ်လောင်း များလည်း သဘောတူ လက်မှတ်ထိုးမည်ဟု သိရသည်။

“ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲ ရလဒ် ကိုဘယ်လိုမှ အသိအမှတ်ပြုစရာ အကြောင်း မရှိလို့ အခုလို ကြေညာချက်ထုတ် တောင်းဆိုရတာပါ။ လိမ်လည်မှုတွေကိုသာ မှတ်တမ်း လုပ်ခွင့်ရမယ်ဆိုရင် မှတ်တမ်းတွေ အများကြီးထွက်လာမှာပါ” ဟု ပဲခူးတိုင်းမှ NDF ကိုယ်စားလှယ်လောင်း ဦးကျော်မျိုးဝင်းက ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းသည် ရွေးကောက်ပွဲ ရှုံးနိမ့်၍ မဟုတ်ဘဲ တရားမျှတမှု မရှိခြင်းကို ပြည်သူများသိစေရန် ဖော်ထုတ်ခြင်းသာ ဖြစ်ကြောင်းလည်း ဦးကျော်မျိုးဝင်းက ဆိုသည်။

ရွေးကောက်ပွဲတွင် ကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံမှူးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များသည် မဲလိမ်၊ မဲခိုးမှုများကို နည်းလမ်းစုံဖြင့် ကျူးလွန်ခဲ့ကြ ကြောင်း၊ ကော်မရှင် အဖွဲ့ဝင်များသည် ပါတီဝင် မဟုတ်ရဟူ၍ ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားသော်လည်း ရွေးကောက်ပွဲ၌ ကြီးကြပ်ခဲ့သူ ကော်မရှင် အများစုမှာ ကြံ့ဖွံ့ပါတီဝင်များသာ ဖြစ်နေကြောင်း ရွေးကောက်ပွဲ လေ့လာသူများက ပြောကြသည်။

“အခုလို ကြေညာချက်ထုတ်တာ၊ တောင်းဆိုတာကို အပြည့်အ၀ ထောက်ခံပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို သပိတ် မှောက်မယ် ဆိုလည်းပဲ ရှေ့ဆုံးက ပါမယ်” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေ က ဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီသည် ကိုယ်စားလှယ်နေရာ ၇ နေရာဝင်ပြိုင် ခဲ့ရာတွင် တရားမျှတမှု မရှိခဲ့၍ တနေရာမှ အနိုင် မရခဲ့ကြောင်း သူက ဆက်ပြောသည်။

“ပြန်ပြီးတော့ တရားမျှတစွာနဲ့ လုပ်ပေးမယ် ဆိုရင် ကျနော်တို့နိုင်မှာ သေချာပါတယ်” ဟုလည်း ၎င်း ကဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ပြည်တွင်းရှိ ဒီမိုကရက်တစ် အင်အားစုများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများက ဆန့်ကျင်ကန့်ကွက် နေကြသကဲ့သို့ နိုင်တကာ အဖွဲ့များ၊ အစိုးရများကလည်း တရားသော ရွေးကောက်ပွဲ မဟုတ်ဟု ပြောဆိုဝေဖန် နေကြသည်။

“ကြေညာချက် ထုတ်တာ၊ ပြန်ကျင်းပဖို့ တောင်းဆိုတာတွေကို နိုင်သူရော၊ ရှုံးတဲ့သူတွေပါ အကုန်လုံး ၀င်တောင်းဆိုတာ။ သပိတ် မှောက်မှ ထိရောက်မှာပါ။ အကုန်လုံးက သဘောတူမယ်ဆိုရင် ကျနော်တို့တွေကလည်း ထောက်ခံပါတယ်” ဟု တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာဖုန်းဝင်းက ပြောသည်။

၎င်းတို့တသီးပုဂ္ဂလ ၈ ဦး အဖွဲ့ ထဲမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူ တဦးမှ အနိုင်မရခဲ့ကြောင်း ဒေါက်တာဖုန်းဝင်းက ဆိုသည်။

“ကြိုတင်မဲ တခုတည်းကြောင့် ရှုံးတာ မဟုတ်ပါဘူး။ နည်းပေါင်းစုံနဲ့ အနိုင်ယူသွားတာပါ။ အဓိက ကတော့ လွှတ်တော်ထဲကို မရောက်စေချင်တဲ့ လူတွေကို ဖယ်ထားခဲ့တာပါ” ဟုလည်း သူက ပြောသည်။

ဒီမိုကရက်တစ် ပါတီများထဲမှ လူထု ထောက်ခံမှု အပြည့်အ၀ ရရှိထားသော ကိုယ်စားလှယ်လောင်း တဦးတယောက်မှ အနိုင်မရခဲ့ခြင်းသည် တမင်လုပ်ကြံသည့် လုပ်ရပ်တခုဖြစ်သည်ဟု ဒေါက်တာ ဖုန်းဝင်းက သုံးသပ်သည်။

ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်အင်အားစုများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ အရှုံးကြီး ရှုံးခဲ့ရပြီး တိုင်းရင်းသား ပါတီ တချို့ကမူ ရာခိုင်နှုန်း အနည်းငယ် အနိုင်ရရှိထားသည်။

ရွေးကောက်ပွဲ၌ စစ်အစိုး၏ ပါတီတခုဖြစ်သော ကြံ့ဖွံ့ပါတီသည် မဲဆန္ဒနယ် အားလုံးတွင် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားပြီ ဖြစ်ကြောင်း ကြံ့ဖွံ့ကိုယ်စားလှယ်တဦးက ပြည်တွင်းအခြေစိုက် နိုင်ငံတကာ သတင်းဌာနများကို ပြောဆိုခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲ ရလဒ်ကိုမူ တရားဝင် ထုတ်ပြန်ကြေညာပေးခြင်း မရှိသေးပေ။
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း