ဒေါ်အောင်ဆန်းစုကြည် အယူခံ တရားရုံးချုပ်ပယ်

Print
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော် တရားရုံးချုပ်က ပယ်ချလိုက်ကြောင်း တရားရုံးချုပ် (ရန်ကုန်)က ယနေ့ ထုတ်ပြန် လိုက်သည်ဟု သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော်ရှိ တရားရုံးချုပ်တွင် တရားသူကြီးချုပ် ဦးအောင်တိုးပါ တရားသူကြီး ၃ ဦးက အောက်တိုဘာ ၂၉ ရက်နေ့က လက်ခံ ကြားနာ စစ်ဆေးခဲ့ပြီးနောက် ယနေ့ ပယ်ချလိုက်ခြင်းဖြစ်သည်။

pigenons-fly-in-nld-ygn“ဒီလို ပယ်ချတာဟာ တရားဥပဒေနဲ့ လျော်ညီမှုမရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းပြီးနောက် အထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

လာမည့် နိုဝင်ဘာ ၁၃ ရက်သည် နေအိမ် အကျယ်ချုပ် ၁၈ လ ပြည့်ပြီဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရမည့် ရက်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံလွှာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းရာ လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံခဲ့ရသည်။

ထို့နောက် တရားရုံးချုပ် (ရန်ကုန်) က ယခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ပြန်လည် လက်ခံကြားနာခဲ့ပြီး နေပြည်တော် တရားရုံးချုပ်တွင် ဆက်လက်ကြားနာရန် ဆုံးဖြတ်ပေးခဲ့သည်။

နေပြည်တော်တရားရုံးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် ချထားသော နေအိမ်အကျယ်ချုပ် ၁၈ လ ပြည့်ရန် ၁၅ ရက် အလိုတွင် လက်ခံ ကြားနာခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။