ရွေးကောက်ပွဲ ပြန်လည်စိစစ်ပေးရန် NDF တောင်းဆိုမည်

Print
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိခဲ့၍ ပြန်လည် စိစစ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က စာ ရေးသားပေးပို့ တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။

NDF-Dr-Than-Nyein-AP“အဓိကက ကြိုတင်မဲတွေကြောင့် မရှုံးသင့်ဘဲ ရှုံးခဲ့ရတဲ့ ကိစ္စပါ။ ကော်မရှင်က အသိအမှတ် မပြုခဲ့ဘူးဆိုရင် ဘာဆက်လုပ်သွားမယ် ဆိုတာကတော့ သူတို့ရဲ့ တုံ့ပြန်မှု အပေါ်မှာ မူတည် ဆုံးဖြတ်သွားမှာပါ” ဟု NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း က ဧရာဝတီကို ပြောသည်။

ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်စာတင်ရန် NDF ခေါင်းဆောင်များ၊ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများက ယမန်နေ့တွင် အစည်းအဝေး ပြုလုပ်၍ဆုံးဖြတ် ခဲ့ကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကန့်ကွက်စာအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအပါအဝင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ယနေ့ ပေးပို့ အကြောင်းကြားသွားမည် ဟု ဒေါက်တာသန်းငြိမ်းက ဆိုသည်။

“ကျနော်တို့ပါတီကို လူထုက တခဲနက် ထောက်ခံမဲ ပေးခဲ့ကြပေမယ့် အခုထွက်လာတဲ့ ရလဒ်တွေက ပြောင်းပြန်ဖြစ်နေတဲ့ အပေါ် ကျနော်တို့က လက်ခံနိုင်စရာ မရှိဘူး” ဟု လည်း၎င်းက ဆက်ပြောသည်။

ရွေးကောက်ပွဲ ၀င်ခဲ့သည့် NDF ပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ (တစည) တို့ပြီးလျှင် ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံးပြိုင်ခဲ့သည့် ပါတီဖြစ်သည်။

စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် ပြီးစီးသွားပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စ အများအပြားနှင့် ကြုံနေရဆဲ ဖြစ်သည်။ ပါတီတချို့လည်း ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် တောင်းနေကြသည်။

“ကျနော်တို့ ကိုယ်စားလှယ်တွေက မဲ ၁ ထောင်ရနေရင် သူတို့က ၃ ထောင်၊ ၄ ထောင်လောက် ထပ်ဖြည့်တာတွေ ရှိတယ်၊ အိတ်တွေနဲ့ ဘယ်က မဲတွေမှန်း မသိတာတွေက အများကြီးပါ။ ကျနော်တို့မှာ ခိုင်လုံတဲ့ အထောက်အထားတွေ အကုန် ရှိပါတယ်” ဟု NDF ပါတီ၏ ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီ ကိုရှင်းပြသည်။

NDF ပါတီမှ ကိုယ်စားလှယ်ဦးရေ ၁၆၁ ဦး ၀င်ပြိုင်ရာတွင် ၁၆ ဦးသာ အနိုင်ရခဲ့ကြောင်းလည်း ၎င်း က ဆိုသည်။

ယမန်နေ့ကလည်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲကို မတရားသော ရွေးကောက်ပွဲ အဖြစ် ယူဆကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေး စေလိုကြောင်း ပဲခူးတိုင်းဒေသ အတွင်း၌ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသော ဒီမိုကရက်တစ် ပါတီများမှ ကိုယ်စားလှယ်လောင်း ၂၀ နီးပါးက တောင်းဆိုခဲ့ သေးသည်။

ရန်ကုန်တိုင်း ဒေသအတွက် တောင်ဥက္ကလာပ မြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ဒေါက်တာ စောနိုင်က “ကျနော်က ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ အနိုင်ရနေခဲ့တယ်ဗျာ။ နောက်တော့ ကြိုတင်မဲတွေကြောင့် မနိုင်တော့ဘူး ဆိုပြီးပြောတယ်။ ကျနော်က မကျေနပ်တော့ မဲတွေ ပြန်ရေတွက်ပေးတယ်၊ ကျနော်နိုင်နေပြန်တယ်။ နိုင်ကြောင်း လက်မှတ်ထိုး ပေးခဲ့တယ်။ မနေ့က ညက ဗဟို ကော်မရှင်က တရားဝင် ကြေညာတဲ့ အခါကျတော့ ကျနော် ရှုံးပြန်တယ်။ ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။ ဒေါက်တာစောနိုင်နှင့်ယှဉ်ပြိုင်ခဲ့သူမှာ ကြံ့ဖွံ့ပါတီမှ ဦးအောင်ကျော်မိုး ဖြစ်သည်။

အနိုင်အရှုံးကို မကြာခဏ ပြန်ပြောင်း ပြင်ဆင်ရခြင်းမှာ မြန်မာတနိုင်ငံလုံးရှိ မဲဆန္ဒနယ်တိုင်း နီးပါးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကြံ့ဖွံ့ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မီဒီယာလုပ်ငန်းများ ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးသည် ရှုံးနိမ့်နေသောကြောင့် ရွေးကောက်ပွဲ ရလဒ်ကို ယနေ့အထိ လက်မှတ်ထိုးပေးခြင်း မရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူ တဦးက ပြောပြသည်။

စမ်းချောင်း မြို့နယ်တွင်လည်း NDF ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးစိုးဝင်းနှင့် ကြံ့ဖွံ့ကိုယ်စားလှယ် ဒုဝန်ကြီး ဒေါက်တာပိုင်စိုး တို့အကြား အနိုင်အရှုံး အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် NDF ကိုယ်စားလှယ်က အနိုင်ရခဲ့သည်။

မင်္ဂလာတောင်ညွန့် မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ၌ ၀င်ပြိုင်ခဲ့ကြသော ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေနှင့် ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် ဝန်ကြီး ဦးအောင်ကြည် တို့သည် ရွေးကောက်ပွဲ ပြီးချိန် မဲရေတွက်ကြရာ ဦးသုဝေက အနိုင်ရခဲ့သော်လည်း နောက်တနေ့ မနက်တွင် ဦးအောင်ကြည် ကသာ အနိုင်ရကြောင်း သက်ဆိုင်ရာ ကော်မရှင်က ထုတ်ပြန်ခဲ့သည် ဟု ဦးသုဝေ က ဧရာဝတီ ကိုပြောသည်။

ဦးသုဝေ၏ ပါတီသည် ၀န်ကြီးချုပ်ဟောင်း ၃ ဦး၏ သမီးများပါဝင် ဖွဲ့စည်းထားသော မင်းသမီး ၃ ပါးပါတီ ဟုလူသိများပြီး ပြည်သူများ၏ ထောက်ခံအားပေးမှု ကိုလည်း အများအပြား ရရှိခဲ့သည်ဟု ဦးသုဝေက ဆိုသည်။

ရွေးကောက်ပွဲ၌ စစ်အစိုးရ၏ ပါတီဖြစ်သော ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားသည်ဟု ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တဦးက ပြောထားသည်။

ယနေ့မှစ၍ အစိုးရပိုင် သတင်းစာများတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို စတင်ကြေညာနေပြီဖြစ်ရာ အများစုမှာ ကြံ့ဖွံ့ပါတီဝင်များဖြစ်ကြသည်။

ကြံ့ဖွံ့ပါတီက အဓိက အနိုင်ယူထားသော နေရာများမှာ ဒီမိုကရက်တစ် အင်အားစုများ အားကောင်းသော မဲဆန္ဒနယ်များ၌ ဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တို့၏ နေရာများဖြစ်သည်။

တိုင်းရင်းသားပါတီ တချို့က ၎င်းတို့၏ နေရာဒေသများတွင် အနိုင်ရထားသော်လည်း တိုင်းဒေသကြီ (သို့မဟုတ်) ပြည်နယ်လွှတ်တော် နေရာသာ များကြောင်း သိရသည်။

ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်များကို ရှုံးနိမ့်စေရန် တမင်ဖန်တီး ခဲ့ခြင်းသည် စစ်အစိုးရ၏ အာဏာအား ထိပါးလာမည်ကို စိုးရိမ်ခြင်း၊ စစ်အစိုးရ၏ အားနည်းချက်များကို ဝေဖန်ထောက်ပြလာမည်ကို စိုးရိမ်ခြင်း၊ စစ်တပ်က ရာသက်ပန် တိုင်းပြည်အာဏာ ကိုချုပ်ကိုင်ထားလိုခြင်း တို့ကြောင့် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ များက သုံးသပ်ကြသည်။