ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့် အစိုးရသစ် ရင်ဆိုင်ရဖွယ် အကျပ်အတည်း

Print
အမေရိကန် ပြည်ထောင်စု၏ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒအပေါ် အကဲဖြတ် ဆန်းစစ်ချက် ရလဒ်ဖြစ်သော အရေးယူ ပိတ်ဆို့မှုများ ထိရောက်မှု မရှိခြင်း၊ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ ရပ်တန့်ပေးရန် မြန်မာစစ်အစိုးရ၏ တောင်း ဆိုမှုနှင့်အတူ အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ၎င်းတို့၏ စိတ်ဝင်စားမှုကို သိသိသာသာ ပြသလာခြင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ အဆုံးသတ်ရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကမ်းလှမ်းခြင်း စသည်တို့ကြောင့် ကာလကြာရှည် ပိတ်ဆို့နေသော မြန်မာ့ နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်သွားတော့မည်ဟူသည့် ယူဆချက်ကို ဖြစ်ပေါ်စေပါသည်။

မကြာသေးခင်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စစ်အစိုးရက အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုရာတွင် အရေးယူ ပိတ်ဆို့မှုများသည် ကိုယ့်ကျင့်တရားနှင့် ကိုက်ညီခြင်း မရှိသကဲ့သို့ မြန်မာ ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုကို အတားအဆီး ဖြစ်စေကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ၀င်ရောက် စွက်ဖက်ရန် ပိတ်ဆို့ အရေးယူမှုကို နိုင်ငံရေး လက်နက်တခုအဖြစ် သုံးနေကြကြောင်း ပြောဆိုခဲ့ပါသည်။

စီစဉ်ထားသော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ နီးလာချိန်တွင် မြန်မာစစ်ဗိုလ်ချုပ်များသည် နိုင်ငံတကာ အသိုင်းအ၀န်းအပြင် ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့်ပါ ပူးပေါင်း ဆောင်ရွက်ရန် အမှန်တကယ် ပြင်ဆင်နေပြီလား။ ဤသို့ဆိုလျှင် ထိရောက်မှု မရှိသော အရေးယူ ပိတ်ဆို့မှုများသည် အဓိပ္ပာယ်ရှိသော တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးအတွက် ထိရောက်သော အကြောင်းရင်းတခုအဖြစ် ပြောင်းလဲသွားနိုင်မလား။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုက်သော စာကို ရလျှင်ရခြင်း စစ်ဗိုလ်ချုပ်ကြီးများက ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်ထံ စေလွှတ်လိုက်သည်။ ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်ကို တပတ်အတွင်း နှစ်ကြိမ် တွေ့ဆုံရုံမက၊ စာထဲတွင် တောင်းဆိုထားသော အမေရိကန်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂတို့မှ သံတမန်များနှင့် တွေ့ဆုံခွင့်ကိုလည်း လိုက်လျောခဲ့သည်။

ဆယ်စုနှစ် နှစ်ခုကြာ အဆင့်မြင့်သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားမှုကို အဆုံးသတ်သည့် အနေဖြင့် အမေရိကန် အစိုးရသည် မြန်မာ အဆင့်မြင့် အရာရှိများ အပေါ် (နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အစည်းအဝေးများသို့ တက်ရောက်ခြင်းမှအပ) အမေရိကန် ပြည်ထောင်စုအတွင်း ခရီး သွားလာခွင့် ပိတ်ပင်ထားခြင်းကို ယာယီအားဖြင့် လျှော့ချပေးသကဲ့သို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံပြင်ပ၌လည်း မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် ပထမဦးဆုံး အကြိမ် တရားဝင် တွေ့ဆုံ ဆွေးနွေးမှုများ စတင်ခဲ့သည်။

မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အရေးယူ ပိတ်ဆို့ထားမှုများက အလုပ်မဖြစ်ခြင်းကို အမေရိကန် အစိုးရက ၀န်ခံ၊ အသိအမှတ် ပြုပြီး စစ်အစိုးရနှင့် ပြန်လည် ဆက်သွယ်၊ ဆက်ဆံရန် ဆုံးဖြတ်ခဲ့သော်လည်း ထို အရေးယူ ပိတ်ဆို့မှုများကို စစ်ဗိုလ်ချုပ်ကြီးများအား ဖိအားပေးမှု အဖြစ် ဆက်လက်ထားရှိ သွားပေလိမ့်မည်။

ယခုအချိန်အခါသည် စစ်အစိုးရအတွက် အရေးကြီးသော အချိန်လည်း ဖြစ်သည်။ အကြောင်းမှာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများမှ တဆင့် သက်ဆိုင်သူ အားလုံး ပါဝင်သည့် နိုင်ငံရေး အပြောင်းအလဲ တခုကို လုပ်ဆောင်ပေးရန် ကုလသမဂ္ဂ ဦးဆောင်သည့် နိုင်ငံတကာ အသိုင်းအ၀န်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် ပြည်တွင်း၌ လက်ရှိ ရပ်တည်လျက်ရှိသော နိုင်ငံရေး ပါတီများ၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက စစ်အစိုးရကို ပြင်းပြင်းထန်ထန် တောင်းဆိုနေသည်။

သေချာသည့်အချက်တခုမှာ ထိုအုပ်စု ၃ခုတွင် ၎င်းတို့၏ အကျိုးစီးပွားများ တခုမက ရှိနေခြင်းဖြစ်သည်။ သို့သော် သိသာထင်ရှားသည့် အချက်တခုမှာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများသည် ၎င်းတို့အကြား ဘုံတူညီသည့် ပြဿနာတခု ဖြစ်လာခဲ့ပြီး မကြာသေးခင်ကပင် ၎င်းတို့အသီးသီးက ထုတ်ဖော် ပြောဆိုလာကြခြင်းပင် ဖြစ်ပါသည်။

သို့သော် ဤဖြစ်ပေါ်တိုးတက်မှုများ၏ နောက်ကွယ်တွင် စစ်ဗိုလ်ချုပ်များ အမှန်တကယ် စိုးရိမ်နေသည့် အချက်က အဘယ်နည်း။ အကယ်၍ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတခြင်း မရှိသကဲ့သို့ အဓိက ဒီမိုကရေစီ အင်အားစုများ ပါဝင်ခြင်း မရှိလျှင် အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများသည် ရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမည့် အစိုးရသစ်၏ တရားဝင်မှုကို ခြိမ်းခြောက်နိုင်ပါသလော။

ဤအရေးကြီးသောမေးခွန်းများက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့် အစိုးရသစ်အပေါ် အမေရိကန် အရေးယူပိတ်ဆို့မှုများက မည်သို့မည်ပုံ အကျိုးသက်ရောက်နိုင်သည်ကို ပြန်လည် ရှာဖွေလေ့လာရန် လိုအပ်လာသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများ ဖြစ်စဉ် အကျဉ်း

စစ်အစိုးရ ကျူးလွန်ခဲ့သော လူအခွင့်အရေး ချိုးဖောက်မှုများကြောင့် `မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့မှုများကို ရပ်ဆိုင်းခြင်း´ ဆိုသည့် အရေးယူ ပိတ်ဆို့ခြင်းကို ထိုအချိန်က သမ္မတ ကလင်တန် အာဏာရလာပြီး လပိုင်းအကြာ ၁၉၉၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က လုပ်ဆောင်ခဲ့သည့် အချက်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဗျူရို မှတ်တမ်းတွင် တွေ့ရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ တိုးတက်မှု မရှိသဖြင့် သမ္မတ ကလင်တန်သည် ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဒုတိယအကြိမ် အရေးယူ ပိတ်ဆို့မှု အနေဖြင့် ကြေညာချက်အမှတ် ၆၉၂၅ ကို လက်မှတ်ရေးထိုးပြီး မြန်မာစစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။

သို့ရာတွင် ထိုသို့ အရေးယူပိတ်ဆို့ပြီး တလအကြာ နိုဝင်ဘာလ ၉ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်း လိုက်ပါ သွားသည့် မော်တော်ယာဉ်တန်းကို ရန်ကုန်မြို့တွင် စနစ်တကျ စီစဉ်ထားသော လူအုပ်စုနှင့် တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန် ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုသည် အမေရိကန် ပြည်ထောင်စု၏ တတိယမြောက် အရေးယူ ပိတ်ဆို့မှုသို့ ဦးတည်ခဲ့ပါ သည်။ ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့က `မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အသစ်များ တားမြစ်ခြင်း´ ဆိုင်ရာ သမ္မတ ၏ အမိန့်အမှတ် ၁၃၀၄၇ ကို သမ္မတ ကလင်တန် လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုအချိန်မှစ၍ ယခုအထိ အမေရိကန် ပြည်ထောင်စု၏ မည်သည့်ရင်းနှီးမြုပ်နှံမှု အသစ်မျှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်း မရှိတော့ပါ။

သို့သော်လည်း ထိုအမိန့်တွင် မြန်မာနိုင်ငံအတွင်း ထိုနှစ် မေလ ၂၁ ရက် မတိုင်မီက ရောက်ရှိနေခဲ့သော အမေရိကန် ရင်းနှီး မြုပ်နှံမှုများ မပါဝင်သဖြင့် ရေနံကုမ္ပဏီကြီး ယူနိုကယ်၏ အကျိုးစီးပွားများကို အကာအကွယ် ဖြစ်ခဲ့ပါသည်။

စစ်အစိုးရ၏ ရန်လိုသော အပြုအမူများသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ၎င်းတို့ စနစ်တကျ စီမံလေ့ကျင့်ပေးထားသော လူရမ်းကား အုပ်စုကြီးအား အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို မြန်မာနိုင်ငံအထက်ပိုင်း ဒီပဲယင်းမြို့အနီးတွင် ဒုတိယအကြိမ် လုပ်ကြံ သတ်ဖြတ်ခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်သည် ထိုတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သော်လည်း အတူ လိုက်ပါလာသော NLD အဖွဲ့ဝင်များနှင့် ထောက်ခံသူ ဒါဇင်နှင့် ချီပြီး အသတ်ခံခဲ့ရသည်။ နိုင်ငံတကာ အသိုင်းအ၀န်းက အံ့သြ ထိတ်လန့်ပြီး စစ်အစိုးရ၏ ပြိုင်ဖက်မရှိ ရက်စက်မှု၊ လူ့အခွင့်အရေး လေးစားလိုက်နာရန် ၎င်းတို့ တောင်းဆိုနေမှုများကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ပုံကို တွေ့ရှိခဲ့ရပါသည်။

ထိုနှစ် ဇူလိုင်လတွင် `မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ´ ဟု ခေါ်သည့် ပိုမို ပြင်းထန်သည့် အရေးယူ ပိတ်ဆို့မှုကို အမေရိကန် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်လုံးက ချမှတ်ခဲ့ပါသည်။ ထိုပိတ်ဆို့မှုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) ၏ ယခင်ခေါင်းဆောင်များ၊ လက်ရှိ ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း၊ မြန်မာပြည်ထုတ် ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ခြင်း၊ အမေရိကန် ပြည်ထောင်စုတွင် ရှိသော စစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့ မိသားစု ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများမှ ချေးငွေများ မရရှိစေရန် ပိတ်ဆို့ခြင်း စသည်တို့ ပါဝင်သည်။ ထိုအက်ဥပဒေတွင် စစ်အစိုးရ ပိုင်ဆိုင်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့အပေါ် ပိတ်ဆို့ အရေးယူမှုကိုလည်း ဖော်ပြထားပါသည်။

ထို့အပြင် အမေရိကန်သမ္မတသည် အမိန့်အမှတ် ၁၃၃၁၀ ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံပိုင် ဘဏ် ၃ ခု ဖြစ်သော မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် စသည့် ဘဏ်များနှင့် ငွေကြေးဆက်သွယ်မှု အားလုံးကို ပိတ်ပင် တားမြစ်ခဲ့ပါသည်။

အမေရိကန်ကွန်ဂရက် သုတေသနဌာနက ၂၀၀၇ ခုနှစ် အောက်တိုဘာလ၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင် တွင် `၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် တရုတ်နိုင်ငံဘဏ်များ၌ ရှိသော မြန်မာဘဏ်စာရင်းများကို အတည်ပြုနိုင်ခဲ့ပြီး မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် တို့နှင့် အမေရိကန် ဒေါ်လာဖြင့် ဆက်သွယ် လုပ်ဆောင်နေသော လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းရန် တရုတ်ဗဟိုဘဏ်က အမိန့် ထုတ်ပြန်ခဲ့သည်” ဟု ဖော်ပြထားသည်။

နိုင်ငံတကာဘဏ်များနှင့် နိုင်ငံခြားငွေကြေးဆိုင်ရာ ဆက်သွယ် လုပ်ဆောင်မှု မှန်သမျှကို မြန်မာစစ်အစိုးရက ထိုဘဏ် ၃ ခုကိုသာ အခွင့်အာဏာ ပေးထားပါသည်။ ထို့ကြောင့် `မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေ´ သည် မြန်မာအစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်ဘဏ်တို့က အမေရိကန်ဘဏ်များကွန်ယက်ကို အသုံးပြုပြီး ငွေကြေးဆက်သွယ်မှုများ မပြုလုပ်နိုင်စေရန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သည်။

သို့ရာတွင် အမေရိကန် အရေးယူ ပိတ်ဆို့မှုများသည် စစ်အစိုးရ၏ ရက်စက်မှုများကို အဆုံးသတ်သွားခြင်း မရှိပေ။ ထို့အပြင် စစ်အစိုးရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားသော အကြမ်းမဖက်သည့် လူထုဆန္ဒပြပွဲများတွင် ဦးဆောင်ခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကိုပင် သက်ညှာခွင့် မပေးခဲ့ပါ။ ၎င်းဆန္ဒပြပွဲကို စစ်အစိုးရက အကြမ်း ဖက် နှိမ်နှင်းခဲ့ပြီး နောက်ပိုင်း အမေရိကန် သမ္မတသည် အမိန့်အမှတ် ၁၃၄၄၈ ကို ၂၀၀၇ အောက်တိုဘာလ တွင် လည်းကောင်း၊ အမိန့်အမှတ် ၁၃၄၆၄ ကို ၂၀၀၈ မေလတွင် လည်းကောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး မြန်မာ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၊ စစ်အစိုးရနှင့် အကျိုးတူ ပေါင်းဖက်ပြီး အကျိုးအမြတ်များ ရရှိနေသည့် လုပ်ငန်းရှင် များ၊ ၎င်းတို့၏ လုပ်ငန်းများကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါသည်။

ထိုလုပ်ငန်းရှင်များမှာ ဦးတေဇ၊ ဦးဌေးမြင့်၊ ဦးခင်ရွှေတို့ ဖြစ်ပြီး ၎င်းတို့၏ စီးပွားရေး ကွန်ယက်များကို ပိတ်ဆို့ခဲ့ပါသည်။ ထို့အပြင် စစ်အစိုးရပိုင် မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာ့ပုလဲလုပ်ငန်းများ ကို ပိတ်ဆို့ အရေးယူခဲ့သည်။

၂၀၀၈ခုနှစ် ဇူလိုင်လတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို စစ်အစိုးရတပ်များက ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ခြင်းကို တုံ့ပြန့်သည့် အနေဖြင့် `တွမ်လန်းတော့စ် မြန်မာ့ ကျောက်စိမ်း ပိတ်ဆို့မှု အက်ဥပဒေ´ ကို အမေရိကန် ကွန်ဂရက်က တညီတညွတ်တည်း အတည်ပြုခဲ့ပြီး နောက်ထပ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုကို လုပ်ဆောင်ခဲ့သည်။

ထိုအက်ဥပဒေအရ မြန်မာ့ကျောက်စိမ်းနှင့် ပတ္တမြားတို့အား အမေရိကန် ပြည်ထောင်စုသို့ တင်သွင်းမှုကို ပိတ်ပင်ထား သည်။ စစ်အစိုးရနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့မှ ထိပ်ပိုင်း ခေါင်းဆောင်များကိုသာ ပစ်မှတ်ထား ခဲ့သော ယခင်က အရေးယူပိတ်ဆို့မှုများနှင့်မတူသည့်အချက်မှာ ထိုအက်ဥပဒေသည် လူ့အခွင့်အရေးကျူးလွန် ဖောက် ဖျက်မှုများတွင် ပါဝင် ပတ်သက်နေသော စစ်တပ်နှင့် တရားရေးဌာနများ၊ ထိုဌာနများကို စီးပွားရေးနှင့် နိုင်ငံရေးအရ အထောက်အပံ့ ပေးနေသူများကိုပါ ထည့်သွင်းပြီး ၎င်း၏ ပိတ်ဆို့ အရေးယူမှု နယ်ပယ်ကို တိုးချဲ့ထားခြင်း ဖြစ်သည်။

နိုင်ငံတကာအရေးယူပိတ်ဆို့မှု - ရွေးကောက်ပွဲလွန်အစိုးရသစ်ဆက်ခံမည့် စစ်အစိုးရ၏အမွေဆိုး

အမေရိကန်ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများအပြင် စစ်အစိုးရ ရင်ဆိုင်နေရသော တခြား အရေးယူ ပိတ်ဆို့မှုများမှာ ဥပရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါနှင့် ဂျပန်နိုင်ငံတို့မှ ဖြစ်ပါသည်။ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ ဖြစ်ကြသော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့က စစ်အစိုးရကို ဖွံ့ဖြိုးရေး အကူအညီများ ပေးရန် ငြင်းဆန်ခဲ့ကြသည်။

အကယ်၍ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်မည့် အခြေအနေကောင်း တခုကို စစ်အစိုးရက ဖန်တီးပေးခြင်း မရှိပါက ထိုနိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများသည် ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင်လည်း ဆက်လက် ရှိနေပါလိမ့်မည်။

အကယ်၍ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့် အစိုးရသစ်တွင် နိုင်ငံတကာ၏ အရေးယူဒဏ်ခတ်မှု ခံထားရသည့် စစ် အစိုးရ အဖွဲ့ဝင်များ၊ ကြံ့ဖွံ့ အသင်း ခေါင်းဆောင်များ၊ စစ်တပ်မှ တပ်မှူးကြီးများ ပါဝင်နေပါက ထိုအစိုးရ၏ ဂုဏ်သိက္ခာ နှင့် တရားဝင်မှုသည် အန္တရာယ်ရှိနေပေမည်။ စစ်အစိုးရက ထိုအခြေအနေမျိုးကို မလိုလားသည်မှာ ထင်ရှားပါသည်။

ဤကဲ့သို့သော အခြေအနေတွင် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများသည် စစ်အစိုးရအတွက် စိုးရိမ်စရာ ဖြစ်လာပါ သည်။ အမေရိကန် ပြည်ထောင်စုက စစ်အစိုးရနှင့် ပြန်လည် ဆက်သွယ် ဆက်ဆံလာမှု၊ ဒီမိုကရေစီ ခေါင်းဆောင်က စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိမှုတို့သည် စစ်အစိုးရ၏ ပုံရိပ်ကို အကောင်းဘက် ဦးတည်စေနိုင်ပါ သည်။ သို့သော် စစ်ဗိုလ်ချုပ်များဘက်က လိုက်လျောမှုနှင့် ညှိနှိုင်းမှုများ မပါလျှင် ထိုအခြေအနေမျိုး ဖြစ်လာလိမ့်မည် မဟုတ်ပါ။     ။