မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အဖြစ် အမျိုးသားအဆင့်ပါလီမန်နှစ်ရပ်ရှိပြီး တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ပြည် နယ်တို့တွင် ပြည်နယ်လွှတ်တော်များရှိမည် ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သြဂုတ်လ ၁၁ ရက်နေ့ တွင် ပါလီမန်အသီးသီးအတွက် မဲဆန္ဒနယ်များကို သတ်မှတ်ခဲ့ပါသည်။
ပြည်သူ့လွှတ်တော်တွင် ၄၄၀ နေရာရှိပြီး ၎င်းထဲမှ ၃၃၀ နေရာကို မဲဆန္ဒနယ် ၃၃၀တွင် ပြည်သူလူထုက ရွေးကောက်တင် မြှောက်ရမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ မြို့နယ်စုစုပေါင်း ၃၃၀ကို အခြေခံပြီး မဲဆန္ဒနယ် ၃၃၀ သတ်မှတ်ထားခြင်းဖြစ်သည်။
ယခင်က မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိခဲ့သည်။ သို့ရာတွင် နေပြည်တော်မြို့တော်သစ် တည်ဆောက်လိုက် သည့်အတွက် မန္တလေးတိုင်းတွင် မြို့နယ်သစ် ၅ မြို့နယ် တိုးပွားလာပါသည်။ ပြည်သူ့လွှတ်တော်၏ ကျန် ၁၁၀ နေရာ သည် စစ်တပ်၏ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် စစ်သားလွှတ်တော်ကိုယ်စားလှယ်များအတွက်ဖြစ်သည်။
အမျိုးသားလွတ်တော်တွင် ၂၂၄ နေရာရှိပြီး ၎င်းထဲမှ ၁၆၈ နေရာကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ ၁၂ နေရာစီ အညီအမျှ တင်မြှောက်ရမှာဖြစ်ပါသည်။ ကျန် ၅၆ နေရာသည် စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် စစ်သား လွှတ်တော်ကိုယ်စားလှယ်များ အတွက်ဖြစ်သည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ လွှတ်တော်အရွယ်အစားသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အရွယ်အစား အပေါ်တွင် မူတည်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် မြို့နယ်တခုလျင် ကိုယ်စားလှယ်လောင်းနေရာ၂ နေရာ ရွေးကောက် တင်မြှောက်ရမှာဖြစ်ပြီး ထိုဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများက နိုင်ငံလူဦး ရေ၏၀.၁ ရာခိုင်နှုန်းရှိမည်ဆိုလျင် သက်ဆိုင်ရာ လွှတ်တော်တွင် ကိုယ်စားလှယ် ၁ နေရာ ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၄ ခုတွင် ပြည်သူလူထုက ရွေးကောက် တင်မြှောက်မည် ကိုယ်စားလှယ် စုစုပေါင်းမှာ ၆၆၅ နေရာ ရှိပြီး ၎င်းတို့ထဲတွင် လူနည်းစုလူမျိုးကိုယ်စားလှယ်စုစုပေါင်း ၂၉ ယောက် ရှိပါသည်။
မကြာသေးမီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နေပြည်တော်ခရိုင်အသစ် သတ်မှတ်လိုက်ရာ ထိုခရိုင်ထဲတွင် ပါဝင်သော မြို့နယ် ၈ မြို့နယ်ကို မန္တလေးတိုင်း လွှတ်တော်တွင် ထည့်သွင်းခြင်းမရှိပေ။ ထို့အပြင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်ဆဲ ထားသော “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့အကြား နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးနှင့် စပ်လျဉ်းပြီး သဘောတူညီမှုမရခြင်းကြောင့် အခြေအနေများတင်းမာခဲ့ပြီး “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းရှိ မြို့နယ် ၄ မြို့နယ် တွင်လည်း ရှမ်းပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် တနိုင်ငံလုံးရှိ လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်နေရာ စုစုပေါင်းမှာ ၁၁၆၃ နေရာရှိပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များအပေါ်အခြေခံ၍ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လွှတ်တော်များ၏ လွှတ်တော်နေရာ ခွဲဝေမှု မြေပုံကို ဧရာဝတီမဂ္ဂဇင်းက အောက်တွင် ဖော်ပြထားပါ သည်။ အောက်ပါ ကိန်းဂဏန်းများသည် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာလွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်းဝေစုယူထား သော စစ်သားလွှတ်တော်ကိုယ်စားလှယ်များ အရေအတွက်ကို ထည့်သွင်းထားခြင်းမရှိပါ။