Burma Election 2010

Home

မဲ မသမာမှုသည် ဗိုလ်ချုပ်မှူးကြီးကို စော်ကားခြင်းဟု ဦးကောင်းမြင့်ထွဋ် ပြော

E-mail Print
ရွေးကောက်ပွဲ ကော်မရှင်၏ မဲမသမာ မှုများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စော်ကားခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းကို ရှုံးနိမ့်သွားသော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ်က ပြောဆို လိုက်သည်။

kaung-myat-htut“မဲလိမ်၊ မဲခိုးတဲ့ လုပ်ရပ်တွေ အကုန်လုံးက ဒီရွေးကောက်ပွဲကို ဦးဆောင်ကျင်းပတဲ့ ဗိုလ်ချုပ်မှူးကြီးကို စော်ကားတာပဲ။ အာဏာပိုင်နဲ့ ပတ်သက်တဲ့ လူတွေ ဒီလိုလုပ်တာကလည်း ဗိုလ်ချုပ်မှူးကြီးကို စော်ကားတာဖြစ်လို့ ချက်ခြင်း ဖော်ထုတ် ပြီး အရေးယူသင့်တယ်” ဟု တောင်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ် က ဆိုသည်။

ဦးကောင်းမြင့်ထွဋ် အနေနှင့် မဲရေတွက်စဉ် ၀င်ရောက်ကြည့်ရှုခွင့် မရခဲ့ကြောင်း၊ မဲမသမာ မှုများကြောင့် ရှုံးနိမ့် သွားရခြင်း ဖြစ်ရာ ရွေးကောက်ပွဲ ရလဒ်အပေါ် လက်ခံမည် မဟုတ်ကြောင်း ပြောသည်။

“မဲရုံတံခါး ပိတ်ပြီး မဲရေတယ်။ ကျနော့်ကို ၀င်ခွင့်မပေးဘူး။ မဲရေပြီးချိန်၊ နိုင်မယ်ဆိုတာ သိချိန်မှာပဲ ဦးအောင်သိန်းလင်းရဲ့ ကြိုတင်မဲတွေ ဆိုပြီး အထုပ်လိုက် ရောက်လာတယ်။ ဒီအတွက်လည်း မဲစာရင်း အတည်ပြု ပုံစံ ၁၉ မှာ လက်ခံပြီး အသိအ မှတ်ပြု လက်မှတ်ထိုးပေးမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

တနိုင်ငံလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး အနက် အသက် ၃၅ နှစ်အရွယ် ဦးကောင်းမြင့်ထွဋ်သည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။

ပြည်သူလူထု ထောက်ခံမှု အများအပြား ရရှိခဲ့သော်လည်း စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ကြံ့ဖွံ့ပါတီ၏ အမတ်လောင်း ရန်ကုန်မြို့တော်ဝန်နှင့် ယှဉ်ပြိုင်ရာတွင်မူ ရှုံးနိမ့်ခဲ့ရသည်ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ပြည်သူက ထောက်ခံသည့် မဲ များဖြင့် အနိုင်ရခဲ့ခြင်း မဟုတ်ဘဲ လမ်းခင်း၊ ဓမ္မာရုံ ဆောက်ပေး၍ အတင်းအကျပ် မဲ ထည့်ခိုင်းခြင်း၊ ကြိုတင်မဲ ရယူခြင်းတို့မှ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက ဝေဖန်နေကြသည်။

ပြည်သူ့အတွက်၊ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်ပေးမည့် အတိုက်အခံများ လွှတ်တော်တွင် နေရာ လုံးဝ မရ တော့ကြောင်း၊ အနိုင်ရရှိသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အနေနှင့် လွှတ်တော်တွင် နေရာ ရလာပါက ပြည်သူ့အရေး လုပ်ဆောင်မည်ကို ယုံကြည်မှု မရှိကြောင်း ဦးကောင်းမြင့်ထွဋ်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှု ပိုရှိကြောင်း၊ ယခု ကျင်းပသွားသည့် ရွေးကောက်ပွဲသည် မြန်မာ့ နိုင်ငံရေး သမိုင်းစာမျက်နှာတွင် အကျည်းတန် အရုပ်အဆိုးဆုံး ရွေးကောက်ပွဲတခုဖြစ်ကြောင်းလည်း သူက ဆိုသည်။

“လူထု ထောက်ခံမှုနဲ့ တက်လာတဲ့ အစိုးရသစ်က အခက်အခဲတွေ အများကြီး ရင်ဆိုင်ရနိုင်တယ်။ မဲကို ကြောက်လို့သာ ထည့် လိုက်ရတာ။ အကြောက်တရားကြောင့် ရလာတဲ့ အာဏာရှင် အစိုးရကြောင့် တိုင်းပြည်က အကြောက်တရား တွေနဲ့ ဆက် ချီတက်ကြရဦးမယ် ဆိုရင် ကမ္ဘာနဲ့ ရင်ပေါင်တန်းဖို့ မပြောနဲ့ နောက်ပြန်ဆွဲပြီး နစ်သထက် နစ်အောင်လုပ်နေ သလိုပဲ ဖြစ်ဦးမှာ” ဟု ၎င်းက ပြောသည်။

လာမည့် စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက လက်တွဲ၍ ပြည်သူလူထု ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ လာစေရန် လုပ်ဆောင်သွားမည်ဟု ဦးကောင်းမြင့်ထွဋ်က ဆိုသည်။
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း