Burma Election 2010

Home

ဒေါက်တာစောနိုင် အနိုင်ရပြီးမှ ပြန်လည်ရှုံးနိမ့်

E-mail Print
ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အနိုင်ရသည်ဟု ပြောဆိုခဲ့သည့် ဒေါက်တာစောနိုင်၏ အမည်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ညပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာသော အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတွင် ပါမလာကြောင်း သတင်းရရှိသည်။

ထိုသို့ အနိုင်ရရှိသည်ကို သိရှိကြောင်း လက်မှတ် ထိုးပေးပြီးမှ လွှတ်တော် ကိုယ်စားလှယ်စာရင်းတွင် ပါမလာသဖြင့် မကျေနပ်ကြောင်း တောင်ဥက္ကလာ ဒေသခံများက ပြောဆိုနေကြသည်။

“မြို့နယ်ကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင် မဲ ၆ မဲ နဲ့ ပြိုင်ဖက် ဦးအောင်ကျော်မိုးကို နိုင်တယ်၊ သဘောတူကြောင်း လက်မှတ် ထိုးပါဆိုလို့ ထိုးပေးခဲ့တယ်။ အခု တကယ့်တကယ် အနိုင်စာရင်းမှာကျတော့ ပါမလာဘူး။ ဒါ ရွေးကောက်ပွဲ ကော်မရှင်က လှည့်စားတာပဲ” ဟု ဒေါက်တာစောနိုင်က ဆိုသည်။

ဒေါက်တာစောနိုင် အနိုင်ရရှိသည်ဟု ဆိုကာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လက်မှတ် ထိုးခိုင်းစဉ် ဒေါက်တာစောနိုင် နှင့်အတူ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်အောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ကမ်းခမ်းဒိမ်းတို့ သက်သေအဖြစ် ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် တောင်ဥက္ကလာပ မဲဆန္ဒနယ် အမှတ် ၁ တွင် ဒေါက်တာစောနိုင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဦးအောင်ကျော်မိုးတို့ အဓိက ယှဉ်ပြိုင်ခဲ့ကြသည်။

ဒေါက်တာစောနိုင်သည် ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ မဲရုံ ၉၃ ရုံစလုံးတွင် မဲရုံ ကိုယ်စားလှယ်များ ထားရှိခဲ့ရာ နိုဝင်ဘာ ၇ ရက်နေ့ ညပိုင်း မဲစာရင်းများ ရေတွက်ပြီးချိန် မဲရုံကိုယ်စားလှယ်များထံမှ ရရှိသော စာရင်းများအရ ပြိုင်ဖက် ကြံ့ဖွံ့ပါတီမှ ဦးအောင်ကျော်မိုးကို ဆန္ဒမဲ ၆၀၀ ကျော်ဖြင့် အနိုင်ရရှိသည်ဟု သတင်းရကြောင်း သို့သော်လည်း ဦးအောင်ကျော်မိုးက ၁၄၅ မဲအသာဖြင့် အနိုင် ရရှိသည်ဟု ကော်မရှင်က အကြောင်းကြားခဲ့ကြောင်း ပြောပြသည်။

၎င်းနောက် ဒေါက်တာစောနိုင်က မဲလိမ်ခံရကြောင်း သက်သေများဖြင့် ပြည်သူလူထုထံ တင်ပြခဲ့ရာ မြို့နယ် ကော်မရှင်က ဒေါက်တာစောနိုင် ၆ မဲအသာဖြင့် အနိုင်ရရှိသည်ဟု ထပ်မံပြောဆိုခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ကြေညာချက်၌ ဒေါက်တာစောနိုင်အမည် မပါရှိဘဲ ဦးအောင်ကျော်မိုး အမည်ကို အနိုင်ရသူအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

ဒေါက်တာစောနိုင်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီက တောင်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို  မေးမြန်းကြည့်ရာ မြို့နယ် ကော်မရှင်အနေဖြင့် တရားမျှတစွာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေါက်တာစောနိုင် ရှုံးနိမ့်သည်ကို ထပ်မံ အကြောင်း ကြားပေးခဲ့ကြောင်း ပြောဆိုသော်လည်း ဒေါက်တာစောနိုင်၏ ရွေးကောက်ပွဲ ရလဒ်ကို ၃ ကြိမ်တိုင်တိုင် အပြောင်းအလဲ ပြုလုပ်ခြင်းနှင့် ပတ်သက်၍မူ ဖြေကြားခြင်း မရှိပေ။

ပြည်တွင်း နိုင်ငံရေးသမားတဦးက ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အနိုင် အရှုံးသည် ဆန္ဒမဲ ရရှိမှုအပေါ် မူတည်ခြင်း မရှိဘဲ ကော်မရှင်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေသည်မှာ ထင်ရှားလာသည်ဟု ဆိုသည်။

ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၀၇၁ ဦး ယှဉ်ပြိုင်ခဲ့ပြီး ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်း အနိုင်ရရှိကြောင်း ပါတီတာဝန်ရှိသူတဦး၏ အဆိုကို ကိုးကား၍ နိုင်ငံခြားသတင်း ဌာနများက ရေးသားထားသည်။
 
ads-Distribution-of-Constituencies
ads-members

ဆန္ဒသဘောထား

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သင် မဲပေးမည်လား၊ သပိတ်မှောက်မည်လား။
 

သူတို့ပြောသမျှ

mm-nyan-win“နိုဝင်ဘာလမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို သူခံယူပြီး ဖြစ်ပါ လိမ့်မယ်။ ဒီကိစ္စအပေါ် အငြင်းပွားစရာ မရှိပါဘူး” — စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း